ပစ္စုပ္ပန်၏ တည့်တည့်အရပ်၌ ရှိသော


အိပ်မက်ရဲ့ အပေါ်ဆုံးကြယ်သီးကို တပ်လိုက် ။
မျက်စိနှစ်လုံးကို နေသားတကျဖြစ်သည်အထိ စောင့် ။
ဆန္ဒကို လက်ဝဲဘက်ရောက်တဲ့အထိ ခေါက်ချိုးပါးပါးချိုးပြီး ဘယ်ဘက် ဘောင်းဘီအိတ်ကပ်ထဲ ထိုးထည့် ။
ရှိုက်ဖွာလက်စ ဘယ်ဘက်လက်ဖျံကို တစ်ဖွာ နှစ်ဖွာ မီးမသေရုံ အငွေ့တွေနဲ့ အတွေးထဲ တစ်စ တစ်စ ။
နှစ် ၂၀ ကျော် ။ နှစ် ၃၀ ကျော်  ဒီနောက် ၄၀ ကျော် ။
အတ္တ ကို ဝါးလုံးရှည်နဲ့ သိမ်းပြီးရမ်းထည့်လိုက် ။
မူးရေလေးတစ်ခွက်နှစ်ခွက် ။ လွယ်အိတ်ထောင့်စွန်းက အပေါက်ထဲ မျှော်လင့်ချက်က ခုန်ဝင်လိုက် ။
လျှောကျလိုက် ။ မနက်ဖြန်ကို မက်ဆေ့ခ်ျပို့ပါ ။
အမှားအယွင်း ရှိပါသလား ။ လူဆိုတာ ရေခဲမှတ်အောက်ဘယ်မျှ ။
အပူချိန် အမှားအမှန် ။ ရာနှုန်းပြည့်ကွက်လပ်များဖြင့် အောင်မြင်ပြီးမြောက်ပြီးဖြစ်ကြောင်း ။
စသည်ဖြင့် ။
အပျော်အပါး နဲ့ အလေအလွင့် ဟာ ဟိုမှာ ဒီမှာ ကပ်ပါးကောင်လို ဖုန်မှုန့်လို ။
သွားဖို့လာဖို့ ဖိနပ်ကြိုး ချည်တယ် ။
တချို့က တစ်လှမ်း ။
တချို့က နှစ်လှမ်း ။
အလဲအကွဲများတဲ့ သံသရာကနေ ဟိုဘက်ကမ်းမှာ . . .

 မောင်မိုးချို

အသံ = အသံ + အသံ

နားထဲ တိုးဝင်လာတဲ့ လေတိုက်နှုန်းက လေးလေးပင်ပင်ရှိလွန်းတယ် တိုးတိုးရှရှ
အထိအရှလည်း များတယ်ဆိုတော့ ကျုပ်တို့အသုံးတော်ခံမယ့် ဇာတ်ဝင်ခန်းက
မြန်နှုန်းမြင့်တယ် ငါ့လူ မြန်နှုန်းမြင့် ကွန်နက်ရှင်တွေလို ၊
မြန်နှုန်းမြင့် လေတိုက်နှုန်းတွေလို သူလိုငါလို ပြန်တမ်းတွေလို ၊
ဒီရပ်ကွက်နဲ့ ဒီပြဇာတ် ကို လူစကားတစ်လုံး သူစကားတစ်လုံး ၊
သူတစ်ခွန်းငါတစ်ခွန်းနဲ့ ကားလိပ်စ ကတော့ ဖြည်းဖြည်းချင်းပေါ့ ။
လူက ခေတ်ပျက်တန်းစား ၊ နေရေးစားရေးလောက် ခေါင်းနောက်တဲ့ ဘဝ
ဘယ်ခေတ်မှာ ဘယ်လိုဆိုတာ ပြန်ပြောဖို့ အတော်ခက်မယ် အပြင်းစား
ကော်ဖီတစ်ခွက်လို မြိုချမိသမျ ခါးရှရှပဲ ငါ့လူ ။
တိုးဝှေ့ကျော်ခွသွားတဲ့ အကောင်းစားမျှော်လင့်ချက်ဟာ မြိုချပစ်လို့မရတဲ့
လေအန်မှု အစာမကြေစရာရှိရင်လည်း အံကိုကြိတ်ပြီး မျက်ရည်ချလိုက်ကြတာပေါ့ဗျာ
ဆိုင်းသံကြားရင်တော့ ကွေးနေအောင်သာ က ။ ကပေါ့ ငါ့လူ ကပေါ့ ။
ဆိုင်းသံကြားတာပဲ ဖြစ်ဖြစ် .. ရွှေ့ဆိုင်းထားလိုက်သည်ပဲ ဖြစ်ဖြစ်ပေါ့ ။ ကျုပ်တို့က
ကကို ကရမယ့် ဘဝ ကိုယ့်နှုတ်ခမ်းနာ နဲ့ ကိုယ့်မုန့်ဆီကြော်ပဲ ။ ဘယ်လိုပဲ
အလဲအထပ်ရိုက်ရိုက် ။ ခေါက်ရိုးကျိုးပီးသား ဆန္ဒဆိုတော့ ဘယ်လို ပမာဏမျိုးပဲဖြစ်ဖြစ်
အလိုလို ခေါင်းညိတ်ပီးသားပေါ့ ငါ့လူ ။ ပြီးတော့လည်း အရာထင်သည်ပဲဖြစ်စေ
အရင်ဌာနေဆီပဲဖြစ်စေ ဆုပ်တော့လည်း စူးကြရုံပဲ စားတော့လည်း ရူးကြရုံပဲ ဆိုတော့
ထွေးပြီးတဲ့ တံတွေး ခဏပြန်ကောက်သိမ်းတဲ့ လူလိုလူတွေကြားထဲ
မျက်စိရှင်ရှင်သာ ထား ငါ့လူ မျက်စိတစ်ဖက်ကိုမှိတ် ဘဝဆိုတဲ့
လမ်းမပေါ်ကိုလျှောက်သွားဖို့ ဘယ်လို စိတ်မျိုး ဒါမှမဟုတ် ဘယ်လို ပကာသနမျိုးတွေကို
အိတ်ကပ်ထဲကောက်ထည့်သွားရမလဲ ။ တွေးမိတိုင်း ရင်ဘတ်ထဲ
တဆစ်ဆစ်နဲ့ ငါ အတ္တနည်းလိုက်ပုံများဆိုပြီး ။ ပြီးလွယ်စီးလွယ်
မွေးထားတဲ့ သိက္ခာက နေဖို့ညစာ ဘယ်လုံလောက်ပါ့မလဲ ။ တစ်နေ့
တိုးလိုက် တစ်နေ့နီးလိုက် ။ နောက်ဆုတ်သွားတဲ့ ခန္ဓာထဲက သွေးတွေလို
တဖြည်းဖြည်းမွေးမြူလာတဲ့ အရေးပေါ်စကားလုံးတွေလို မျက်ခွံအောက်မှာ
တငွေ့ငွေ့ အဖြူရောင်သန်းလာတယ် ။ နေ့ရော ညရောပေါ့ ကိုယ့်လူရာ ။
သံသရာ ကို လက်ခမောင်းမခတ်နိုင်သရွေ့တော့ ဟိုဘက်ကမ်း
ဒီဘက်ကမ်း လက်လှမ်းမီသလောက်လေး ဖြည့်တွေးတွေးနေရတာပေါ့ ။
လူက ဟိုတစ်စ ဒီတစ်စ ဘာမှ မရေရာ ။ မွေးရာပါ အနာတစ်ခုလို
ဘယ်ဘက်လက်ဖျံက ညာဘက်လက်ဖျံကို မနာလိုဖြစ်လို့ အဖြူအမည်းပြဇာတ်မှာ
အလင်းရောင်အားနည်းမှုက သွေးရိုးသားရိုးဟုတ်ပါ့မလား သွေးထွက်လွန်နေတဲ့ ဆန္ဒ
တစ်စုံတရာကတော့ ကမ္ဘာကိုမှောင်စေခဲ့ပြီ ငါ့လူ လူလူသူသူရှိရိုးအမှန်ဆိုတော့ ရှိကြီးခိုးပါရဲ့
လေသံတိုးတိုးတွေကို တံခါးဖွင့်မပေးလိုက်ပါနဲ့ ။


မင်းလုလင် ၊ မောင်မိုးချို

မောင်မိုးချို ဆိုတာ . . .

ဆန္ဒ နဲ့ သိက္ခာကြား မကြာမကြာ လွန်ဆွဲနေရသော လေသံမိုးသံ မကွဲသေးတဲ့ ကောင်းကင်