မြင်သမျှက အဖြူရောင်

မြင်သမျှက အဖြူရောင်

----------------------------

စိတ်ကလွတ်ထွက်သွားတာလား ။ အခန်းလွတ်ထဲလား ။

တစ်ယောက်ယောက်ရဲ့ပိုင်ဆိုင်မှုထဲလား။

သွားကြလာကြ ငေးကြမောကြ ။ သူဟာဘယ်တစ်ယောက်လဲ ။

သူဟာဘာအရောင်နဲ့ သူလဲ ။မိုးရာသီလား ။ ဆောင်းရာသီလား ။

ဒါမှမဟုတ် စီးကျလာတာ ။ မျက်ရည်လား ။ မိုးရေလား ။

ဟင့်အင်း ။ ဟင့်အင်း ။

တစ်ကိုယ်ကောင်းဆန်လိုတဲ့စိတ်က ဖျတ်ခနဲ ။ ပူခနဲ ။

နားထင်ပေါ်ကျလာတဲ့သွေးလို။ ထောက်ထားတဲ့လက်ညှိုးမှာ ငါမပိုင်တဲ့အငွေ့ ။

ကွေးလိုက် ။ ဆန့်လိုက် ။ ဖြန့်လိုက် ။ ပြတင်းပေါက်တံခါးကို ဖြန့်လိုက် ။ ဖြန်းကနဲ ။

ငါ့စိတ်ကို ပက်လိုက်တာ အရက်ပျံနံ့လား ။ လရောင်လား ။

မာကျူရီမီးရောင်လား ။ နေရောင်လား ။

ဒါမှမဟုတ်။တစ်ယောက်ယောက်နဲ့ တစ်ယောက်ယောက်ရဲ့စကားလုံးတွေလား ။

ငါထင်နေတာ အမှန်တရား လား။ မုသားလား။ငါ့ဘေးက လူက လူနာကုတင်ပေါ်မှာလဲလို့ ။

ငါ့ကိုပြောနဲ့စကားက ဆေးလိပ်တစ်လိပ်ထက် မပိုခဲ့ဘူးလို့ ။

ငါကိုကြည့်နေတဲ့ မျက်လုံးတွေကအဖြူရောင်လို့ ငါ သူ့နဲ့ သူ့ဘေးက လူတွေကိုပြောလို့ ။

တစ်နေရာရာကို အငွေ့လို ။ မိုးရေစက်တွေလို ။

ဖွေးခနဲပြုတ်ကျသွားချင်တဲ့စိတ်က ငါ့ကို ဖြတ်ရိုက်ချသွား ။

သူက သစ်ပင်တစ်ပင်လို။ သူနဲ့သူ့ဘေးက လူတွေက ကော်ဖီရောင်တွေလို ။

ဖြတ်သွားသမျှကအနှေးပြကွက်လို ။

ရုပ်ရှင်ထဲက 3D ပုံရိပ်တွေလို ။ ငါ့ကို ငါ နံရံတစ်ချပ်လို ။

ငေးလို့ . . . ငါ့ကိုငါ ဘာအရောင်လဲ ပြန်မတွေးဖြစ်တဲ့အခါ ။

အရာရာက ပုံမှန်မဟုတ်တဲ့ သက်ပြင်းမျိုးနဲ့ ။ငေးတယ်တွေးတယ်။

ရင်ဘတ်မှာ အထပ်လိုက်ကျလာတဲ့ နောင်တလိုစကားမျိုး။

အနောက်အရပ်အရောက်မှာ မြင်ရတဲ့နေက အခါးရောင်။

သူ့ဘ၀လို ဘယ်ပန်းကမှမလှဘူးဆိုတဲ့ မျက်လုံးမျိုး။

လက်သည်းခွံတွေက အစ အေးလာတယ်။

ခုတင်ဘေး စားပွဲပေါ်က အိပ်မက်ကို တစ်လှမ်းချင်း ငေးနေဖို့ကလွဲရင်။

ဖင်စီခံနားထိ ရောက်သွားတဲ့ မနက်ဖြန်တစ်ခုလို။ ၅ ၀ပ်မီးလုံးနဲ့ အိပ်ဖို့ထက် မျက်လုံးတွေ

ဖွင့်ထားဖို့လိုကြောင်း ပြောဖြစ် ။ အဲဒီနောက် အပျော်အပါးဆိုတဲ့စိတ်ကို သူ့နားသွန်ချလိုက်။

လူက အဖြူဆို အပူတွေ တစ်ထပ်ပြီးတစ်ထပ်။

စိတ်သွားတိုင်း စိတ်ပါသွားဖို့ ပိုအရေးကြီးလာတယ်။

ထပ်ရောက်တဲ့ အခေါက်မှာ ငါ့ကိုယ် ငါ လွင့်ကနဲ ။ မြင်လိုက် ။ ပြလိုက် ။

ခန္ဓာက ပြတိုက်တစ်ခုလို သူတို့ ပြောစရာ သိပ်များလာတယ် ။

စိတ်ထဲ ထိုသွင်းလိုက်တဲ့ ဓားက လူနဲ့ သဘာဝပတ်ဝန်းကျင်ဆိုတဲ့ အပြုံးမျိုး ။

ဆယ်စုနှစ်တစ်ခုမက ။ အထူးသဖြင့် မျက်လုံးတွေေ၀၀ါးလာတာကလွဲရင် အရာရာ။

စိတ်က ဟိုဟိုဒီဒီ ကစဥ့်ကလျား . . ဟိုတစ်စ ဒီတစ်စ ကောက်သိမ်းလို့မရလောက်တဲ့အထိ

အတွေးကခပ်ဝေးဝေးကိုသွားပြီ။

ဘယ်လို အိပ်မက်မျိုးထဲကနေ ထွက်ကျလာပါတယ်ဆိုတဲ့ ကောက်ချက်က

ကုတင်ခြေရင်းမှာ အလျားလိုက်ကပ်ထားတယ် ။

လှမ်းမြင်နေရတာက ရောင်စုံလို့ထင်ခဲ့တာပဲ ။

အရာရာက ဘာမှမသဲမကွဲပဲနဲ့ ။ ဒီနေ့လား မနက်ဖြန်မှာလား ။

မျက်ခွံကို တစ်ချက်ခတ်ကြည့်။ ရောက်အောင်လာခဲ့ဖို့တော့ ဘယ်သူမှမဖိတ်ခဲ့ဘူး ။

သူကလည်း ရီဝေေ၀နဲ့ပဲလေ။ ကျုပ်ကိုယ်တိုင်က အငွေ့လိုလို ။

ပိတ်ထားတဲ့ တံခါးကနေ ကျုပ်ကိုယ်တိုင် ခင်းမထားမိတဲ့ လမ်းပေါ် တအိအိနဲ့။

သွားလိုက်လာလိုက်။

တစ်ခုခုပြောချင်နေမိတဲ့ စိတ်ကို တစ်ခုမကပြောဖို့ တိုက်တွန်းနေမိတာကလွဲရင်။

ထင်ထားသမျကအလွဲပဲ။

မျက်နှာကျက်ပေါ် ထိကပ်ထားလိုက်တဲ့ ညာဘက်လက်မှာ သွေးခုန်နှုန်း ။

သိသိသာသာကျဆင်းလာ။

မွေးရာပါ အနာမဟုတ်သည့်တိုင်အောင် ဘာဆေးမျိုးမှ မတိုးချင်တော့ဘူး။

စိတ်ကူးက နံရံကို အရေခွံတစ်ခုလို ခုတ်ထစ်ခွာချပြီး ရောက်ရာပေါက်ရာထွက်သွားလိုက်ဖို့။

ကော်ဖီခါးခါးတစ်ခွက်ကို ဇိမ်ခံသောက်ကြည့်ဖို့။

နောက်ထပ် တစ်နာရီစာလောက်ကို ပြက္ခဒိန် အစွန်းပေါ်ဆွဲတင်ကြည့်လိုက်ဖို့။

အတွေးက တစ်စပြီးတဲ့နောက် နောက်တစ်စ ကုတ်ခြစ်ဆွဲထုတ် . . .


မောင်မိုးချို

မောင်မိုးချို ဆိုတာ . . .

ဆန္ဒ နဲ့ သိက္ခာကြား မကြာမကြာ လွန်ဆွဲနေရသော လေသံမိုးသံ မကွဲသေးတဲ့ ကောင်းကင်