ကျွန်တော်ပြောသော မင်ရည်ကျဲလောက တစ် ၏ စာရွက်နောက်ကွယ်
ငါကျေနပ်ပါတယ် . . ဒီလိုနေရတာ
လမ်းလျှောက်ရင် ပီကေဖောက်မယ်
မကျေနပ်ရင် ခါးထောက်ရှိုးတယ်
အရှေ့ကလူတွေကံဆိုးတယ်
ဖက်ကြမ်းဖတ်ပီး ကဗျာသောက်တယ်
ငါနေပျော်ပါတယ်
ဘီယာစုပ်ပြီး ၅သုံးလုံးခဲတယ်
ခဲတံမလိုဘူး စာရွက်မပါဘူး
ရတယ်
ကဗျာတွေဖြစ်တယ်
လွယ်အိတ်ထဲခေါက်မထည့်ဘူး . . လက်ပ်တော့ပ် ပါတယ် . . တစ်ပုဒ်ချင်းထုတ်စားပြမယ် . .
တစ်ပုဒ်ချိုတယ်
ရှေ့က အစ်ကိုတွေကို ကျနော် လေးစားတယ်
နောက်တစ်ပုဒ်ခါးတယ်
နောက်လာမယ့် ညီလေး
အစ်ကိုလေးစားပါတယ်
လေယာဉ်ပျံကြီး စီးမှ ကဗျာဆရာ မဟုတ်ပါဘူး ။
လေထဲ တိုက်အိမ်ဆောက်တတ်ရင် ကဗျာဆရာ ဖြစ်တယ် ။
ဂရမ်းမီးရထားဟိုတယ်လ် မှာ တက်ရေးမှာ ကဗျာဆရာ မဟုတ်ပါဘူး ။
ဂရမ်းရွိုင်ရယ်လ် သောက်ပြီးရေးလည်း ကဗျာဆရာ ဖြစ်တယ် ။
ကိုယ့်ခံယူချက်နဲ့ ကိုယ် တလွဲလုပ်ကြတာတွေတော့ ရှိတာပေါ့ ။
ကိုယ့်အလွဲနဲ့ကိုယ် မှန်နေကြတဲ့လူတွေကြားမှာ
ကဗျာတစ်ပုဒ် ဆက်ရေးဖို့ ..
စီးကရက်ငွေ့တွေ မှုတ်ထုတ်ပစ်လိုက်တယ် .. ။
" ဟူးးးးးးးးးးးးးး "
မောတယ် ။
လေထဲဆောက်ရမယ့် အိမ်ကို မော့ကြည့်ရတာမောတယ် ။
အခြေမခိုင်တဲ့ ကိုယ့်ကိုယ်ကိုယ် ငုံ့ကြည့်ရတာလည်း မောတယ် ။
တစ် နှစ် သုံး လေး ငါး ၊
ဒီအတိုင်းပဲ ဆက်ရေးတော့ ။
ဘာမှ ဆက်ရေနေစရာမလိုဘူး ။
တစ် ပြီးရင် နှစ် လာမယ် ။
သစ် ပြီးရင် ဟောင်း လာမယ် ။
ကဲ ... ပြော ။
ဘယ်သူမှားတယ် ဘယ်သူမှန်တယ် ။
ဘာက ဆုံးဖြတ်မှာလဲ ။
မှားနေကျ မှန် ကပဲလား ။
ဒါမှမဟုတ် မှန်နေကျ ... တစ်ခုခုကများလား ။
ထားပါ ။ ပြောချင်တဲ့ အထဲမှာ အဲ့ဒါတွေမပါဘူး ။
မနက်ရောက်တာနဲ့ ထွက်သွားတော့မယ့် ရထားကြီးရယ် ။
မနက်ရောက်တာနဲ့ ဆိုက်လာတော့မယ့် လေယာဉ်ပျံကြီးရယ် ။
ကိုယ့်ကိုကိုယ် ပြန်မှုတ်ထုတ်နေတဲ့ စီးကရက်တစ်လိပ်ရယ်လောက်ပါပဲ ။
ပြောပြချင်တာကတော့ ဒီလောက်ပါပဲ ။
ဒီ့ထက်ပိုပြီး ဘာများ သိချင်သေးလဲ ။
ဒီ့ထက်ပိုပြီး ဘာများ အသိပေးချင်သေးလဲ ။
မှာစရာရှိတာ မှာလိုက်ကြပေါ့
သွားရ လာရ ခရီးက လေးဆယ့်ငါး ၊ ငါးဆယ်
သွားစရာရှိတာ သွားလိုက်ကြပေါ့
ကံဆိုးတဲ့နောက်လိုက်ကြတဲ့ ကံကောင်းကောင်တွေ
ရောက်နေကျနေရာက ရပ်စောင့်ကြ
ကျနော်ရယ် ကျနော့် အစ်ကိုတွေရယ်
ပြီးတော့ လမ်းအတုတွေရယ် လမ်းအစစ်တွေရယ်
မျက်နှာပေါ်က ရိုင်းပျခြင်းက တစ်ယောက် ပခုံးပေါ် တစ်ယောက် ဖက်လှဲတငင်
ဒီ လောကရဲ့ နောက်ဘက်က မျက်နှာ
ကျနော့် အစ်ကိုတွေရဲ့ မျက်နှာနဲ့ ခပ်ဆင်ဆင်ရယ်
မှာစရာရှိတာ မှာကြ
ကျနော်ရယ် ကံကောင်းကောင်တွေရယ်
ဘယ်သူမှ မစောင့်ကြဘူး ထထွက်သွားတယ်
မှာစရာရှိတာ မှာလိုက်ကြ
ဒီလောက ရဲ့ ဒီ ခရီး ဖိနပ်ပါးပါးပဲစီး
ထွက်လျှောက်လိုက်တော့
ဟိုးအရှေ့ ကျနော့် အစ်ကိုတွေကို မှီတယ် ... ။ ။
မောင်မိုးချို ၊ ဆူးခက်မင်း ၊ ညီစိမ်း ၊ ရုပ်သေး
ကျွန်တော်ပြောသော မင်ရည်ကျဲလောက တစ် ၏ စာရွက်နောက်ကွယ်
--ခရီးထွက်ခြင်း --
ဘ၀ဆိုတဲ့ အိတ်တစ်လုံးရှိတယ်
ဒီအိတ်ကိုမဖွင့်ပဲ
ဆန္ဒတွေ ခေါက်ထည့်လို့မရဘူး
လိုလိုမည်မည် မာနကို
ထုတ်ရလွယ်အောင်နောက်ဆုံးမှထည့်မလား
အမောပြေသောက်စရာ မိသားစုတစ်ခုပါမယ်
အစာပြေစားဖို့ နီတိ တွေတော့မေ့လို့မဖြစ်ဖူး
အသိနဲ့ အတတ်ကိုထည့်ဖို့လည်းနေရာ ချန်ရမယ်
ကျွန်တော် မျက်နှာဖုံးတွေတော့ ထားခဲ့မယ်
လိုမှဝယ်တပ်တာပေါ့
နောက်ဆုံး ဖိနပ်ကြိုးခိုင်ခိုင်ချည်ထား
ခရီးထွက်မယ်
ကဲ ... မိတ်ဆွေ
ဖိနပ်ကြိုးချည်ပြီးပြီလား
မောင်မိုးချို
ရင်သေ . . စာ
သို့
မိဝေ
( စိတ်တွေ ပိတ်မိနေတဲ့
ထောင့်ကျကျအတွေးထဲက အိပ်မက်ပျို)
အချိန် . . . လက်ချိုးရေခွင့်မရလိုက်
နေ့ရက် . . . အတိတ်ပေါ်ပြုတ်ကျခဲ့တဲ့မနက်ဖြန်
အကြောင်းအရာ။ ။ အိပ်မက်မျက်နှာစာကနေ ပြုတ်ကျသွားတဲ့ ရင်သေမှု
ကျွန်တော့်အကြောင်းတရား ထွေထွေနဲ့ ပိတ်နေတဲ့ ရင်တစ်စုံမှာ အိပ်မက်တွေ . .
ခါချလိုက်ပါမိဝေ ရပါတယ် တထီးတနန်းနဲ့ ရှုံနေခဲ့ပြီးမှတော့ဒီအလံထောင်နေလဲဘာမှထူးမလာတော့ဘူး
နေခဲ့ပါ မိဝေ နေခဲ့ပါတော့ ကျွန်တော် လျှောက်လဲချက် ကောင်းကောင်းနဲ့ သေဒဏ်ကျချင်ခဲ့တာပါ . . . .
စကားနှစ်ခွန်း ကြားပြီးတဲ့နောက် ရင်တစ်ခြမ်းပဲ့ ပဲ့ . . . ပဲ့ ပဲ့သွားလိုက်တာ သွေးတောင်မျက်လုံးကကျတယ်
ငိုမနေပါဘူး နာနာကြည်းကြည်း ချစ်နေခဲ့ . . ကြီးကြီးကျယ်ကျယ်နာနေတဲ့ ရင်တစ်ခြမ်းနဲ့ ချစ်ပြီး ခဲရာခဲဆစ်
သွားတော့မယ် ... မနက်ဖြန်မှာနေခဲ့ပါတော့ မိဝေ အဲဒီနေရာမှာနေခဲ့ပါတော့ . . . ငါ့ရင်ကွဲပက်လက်ရာသီမှာ
ရေတစ်စက်မှ ပြိုမကျလာခဲ့ဘူး နွေးနွေးထွေးထွေးနေခဲ့ပါ ဟုတ်ပါတယ်မိဝေ ကျွန်တော့သမိုင်းကြောင်းကိုက
တစ်ပုဒ်ပြီးတိုင် ပုဒ်မချခွင့်မရလိုက်ဘူး ဖုန်းနံပါတ် ၅၅၄xxx ပြီးရင် ကျွန်တော့်လိုင်ခွဲ..မခေါ်နဲ့ . . ခေါ်မနေပါနဲ့
ရင်တစ်ခြမ်းသေနေတဲ့လူ ဒီအိမ်မှာ မရှိ/မနေ တော့ဘူး . . . . မဝေအတွက် ရေး/မပေး ဖြစ်ခဲ့တဲ့ ကဗျာလေ
"အရိပ်တစ်ခြမ်းကိုမြင်တိုင်း ထီးတစ်ခြမ်းကိုလွမ်းတယ်" ဟောဟိုကရင်တစ်ခြမ်းထဲမှာ . .
မျက်ရည်စက်လက်နဲ့ လက်ခနဲ လက်ခနဲ တစက်စက်ကျနေပြီ မိဝေ . . .
ထိုးခွင့်မမြဲတော့တဲ့ လက်မှတ်
(အိပ်မက်နဲ့ အဆက်အသွယ်ရချင်ခဲ့တဲ့ကောင်)
မောင်မိုးချို
အင်တာဗျူးသွားတောလား
"တောက် နေကလဲပူလိုက်တာ မိုးလေးအုံ့နေရင်ကောင်းမယ်ကွာ"
ခဏအတွင်းမှာ တစ်ခုခုအတွက်
"ဆူးလေ .... ဆူးလေ"
"ရွှေဂုံတိုင် ၅၀ ကျော်ရင် ၁၀၀ "
"အစ်ကိုကြီး ထမင်းဖိုးလေး"
"တစ်ယောက်ချိတ်မယ် ဆရာ"
"ရှေ့ကားနဲ့ ၁၀ မိနစ်"
"ဗမာဆေးနဲ့ ၁၀၀ ဖိုး"
ဆန္ဒများ.... ဆန္ဒများ .....
အရှင်လတ်လတ် သိက္ခာဖြင့် ထိမ်းပါ
"ကားခလေးတွေ လှမ်းထားမယ် အကြွေမပါရင် ခဏစောင့်"
"ရှေ့လေးနည်းနည်းတိုးပါ"
"ကွေ့မယ်ကိုင်ထား"
ဒီကွေ့ကို ဒီတက်နဲ့လှော်
တက်မကျိုးသေးသရွေ့ လက်ထိုးရမှာမဟုတ်ဘူး
"ပွိုင့်ကလည်းကြာလိုက်တာ" "ဟေ့ရောင်ပေးပြီးပြီလား"
"နောက်တစ်ကြောင်းဆင်းမှပေးမယ် ဆရာ"
ဒီအကိုင်းက ပျားစွဲဖို့ရော
ရှဉ့်လျောက်ဖို့ပါ လောက်တယ်
" အားလုံးပဲ ဂိတ်ဆုံးပါပြီ" "ဒဂုံ ပြန်မယ် ... ဒဂုံ"
"Eleven ရမယ်" Weekly ရမယ်"
"သိန်းထီပေါက်စဉ်မှန်တွေအစ ဆုံး"
တစ်ဝမ်းတစ်ခါးအတွက်
ဒီပလက်ဖောင်းမှာ အားလုံး
တစ်တန်းတစ်စားတည်းရယ်
"ရယ်ဒီမိတ်တွေ ၁၅၀၀" "ဒီလိုပစ်ချ မကွဲဘူး"
"ဘာလိုလဲ အစ်ကို ၀င်ကြည့်လေ" " တူးတီး ပုံမှန် V တစ်ပွဲ"
"မိုးကလည်းရွာလာပြီ ... စိုတိစိုစွတ်နဲ့ လျောက်ရဦးမယ်"
နတ်မလိုက်နိုင်ခဲ့သော
လူဘ၀ အလိုကျ တော်တော်များများ
"ကားကွ မင်းအဖေ မောင်းနေတာမဟုတ်ဘူး"
"ဘုရား ... ဘုရား ကံကောင်းလို့"
သူတို့ လှံစိုက်ဖို့
ငါ့မြေက နိမ့်နိမ့်သွားတာလား
"တော်သေးတယ် ရှာရလွယ်လို့"
"CV ပါလား"
"ဘွဲ့လက်မှတ်ပါလား"
"၁၀ ပေ ၂ချပ်ထုတ်မယ်" "ခန့်မှန်းလစာဘယ်လောက်လဲ"
"သြော် .. လုပ်သက်ကြာပြီပဲ" "၁၀ ပေ ၂ချပ်ထပ်ထုတ်မယ်"
လူ့တန်ဖိုးဆိုတဲ့ လက်မှတ်တွေ
အထပ်လိုက်အထပ်လိုက် ခွာချပြ
"မင်းတောင်းတာများတယ်" "ဒီရက်ပိုင်း အလုပ်က သိပ်မကောင်းဘူး"
"၅ပေ ၃ပေ ကျန်သေးလား" "ခန့်မှန်းလစာနည်းနည်းလျော့"
ဟုတ်ကဲ့ . . . လင်္ကာချောဖို့ မုသားသုံးပါစေ
သိသိကြီးနဲ့တော့ နားလည်ရခက်တယ်
"အမေ သူငယ်ချင်းတွေနဲ့ မုန့်သွားစားမလို့ ၃သောင်းလောက်" "ဒါနရှင်များ ရှင်"
"ကန်တော့ပါသေးရဲ့" "၃ သောင်းလောက်လား"
ဟူး....................................
မောင်မိုးချို
ပုံသေနည်း
၁၅ဒီဂရီ ဆိုတဲ့ အတွင်းထောင့်ထဲ ၁နာရီ ပြိုကျ ...
အတ္တ ဆိုတာဖြစ်ဖို့ " ငါ့ " တစ်လုံးပဲလိုတယ်
ဘ၀ ဆိုတဲ့ အစိတ်အပိုင်း တစ်ခု ပျက် / ရပ် / သွား တစ်ဗီဇနာအတွင်း . . . .
ကျွန်တော်ဖွင့်ခဲ့ရသော မြို့ပြ၏တံခါးများ
မြို့ပျက်တံတားတစ်စင်းရဲ့နံရံမှာ
ကာရန်မပါတဲ့စကားတွ အဆိပ်သင့်နေတယ်
အရှေ့ကိုသွားဖို့ စုတ်ဖြဲခံရတဲ့ ရက်စွဲတစ်ခု
သူ့နံဘေးမှာ တွဲလွဲခိုလို့
သူလဲ လေတွေကို လွတ်လွတ်လပ်လပ် ရှူခဲ့ဖူးပုံပဲ
ဘာဆိုဘာမှ အရေးမကြီးတဲ့ ပုံစံနဲ့
ခဏ ခဏ ဝေ့ဝိုက်ကျလာတဲ့ ဆန္ဒတွေသပ်သပ်တင်ရင်း
ငါ့လက်ကြားက သိက္ခာတွေ ပါးပါးလာတယ်
သူလိုငါလို အတ္တတွေ တစ်ချက်တစ်ချက် လင်းတာတယ်
ဒီအတ္တတွေ တိုက်ချွတ်ဆေးဖို့တော့
ဒီပြက္ခဒိန်က ဆုတ်ဖြဲဖို့မလုံလောက်သေးဘူး
ဟော ...
ကျွန်တော်အခုနေတဲ့မြို့ပြကြီးပေါ့
မေတ္တာခေါင် .. အပြုံးရှားရပ်ဝန်း ..
အမြဲတမ်း အတွေးတွေခေါင်နေတယ်
မြို့ပြပေါ်ကနေ ကျွန်တော် နိုးထတဲ့ မနက်မှာ
စောစောစီးစီးပဲ လက်ဖက်ရည်ဆိုင်ကထ ထွက်တယ်
လည်ချောင်းထဲက ကော်ဖီ ခါးခါးကို
ဆေးပေါ့လိပ် အငွေ့တွေနဲ့ မျောမျောချ ရင်း
လက်ထဲက ဘ၀ ကလှုပ်လှုပ် လှုပ်လှုပ်နဲ့
တစ်ချိန်ချိန်မှာ [ ခဏအတွင်းမှာ ]
ပြိုလဲဖို့ အတွက်
ခလုပ်နှိပ်ပြီးသား မိုင်းတစ်လုံးလို ပါလာတယ်
မြစ်ရေကြီးတယ် ၊ မိုးခေါင်ရေရှားတယ် ၊ ကဗျာဆရာတစ်ယောက်သေတယ်
ကျွန်တော်တို့ မြို့စွန်က မီးတိုင်တွေ
ညနေဆို မှိန်မှိန်လေးလင်းလင်းလာတယ်
မီးတိုင်ရဲ့ တစ်ချက်ချင်း အလင်းကိုရောရင်း
ငါ နဲ့ ငါ့စကားလုံးတွေ အရက်ဖြူကိုမြည်းတယ် ...
ပြင်းရှရှနဲ့ စကားလုံးတွေ တစိမ့်စိမ့်လှတယ်
တစ်ချို့က မီးမှိန်မှိန်အောက်မှာ ဘဝ တွေကို မြည်းကြတယ် ..
ဒီမြို့ပြမှာ အားလုံးပုံမှန်ပဲ စီးဝင်သွားတယ် ..
ကဗျာဆရာတစ်ယောက်ဖြစ်တယ်
ကျောင်းသားတစ်လှည့် အလုပ်သမား တစ်လှည့် ဖြစ်တယ်
ငါမကြိုက်တဲ့ အနီရောင်ဝတ်တဲ့ နံပါတ် (7) တော့မဟုတ်ဘူး ...
အမြဲတော့ ကော်လာထောင်တယ်
ဒါပေမဲ့ ကော်လာက ငါ့ဘ၀လိုပဲ အမြဲ ခေါက်ရိုးကျိုးကျလာတယ်
ညအိပ်ချင်မှ အိပ်မယ် မနက်ဆို ( ၇ ) နာရီမှာထတယ်
မထချင်ဘူး .......
(၇) နာရီ မှာပဲထရတယ်
ခပ်ကုတ်ကုတ်ဆိုင်ရဲ့ထောင်ကျကျ စားပွဲတစ်လုံးမှာ
တစ်ယောက်တည်းရန်ဖြစ်လို့ကောင်းတယ်
" ငါမှန်တယ် "
" ငါမမှားဘူးကွ "
"မင်းကဗျာမှာ သီအိုရီ မပါဘူး "
" မင်းကဗျာမှာရော ကာလာစုံလို့လား"
ပြီး .....
ရေနွေးတစ်ခွက်မော့ချ
မျက်နှာဖုံးနွမ်းနွမ်းကို စွပ်ချရင်း
ကာလာစုံကြားတိုးဝင်ခဲ့ ပေါ့
ကျွန်တော်တွန်းတွန်း တင်နေရတဲ့ ဘ၀တစ်ခု အတွက် .......
အမှောင်မပါဘူး လင်းလင်းထင်းထင်းမှာ
ကံဆိုတာ ကို ခဏ ခဏ ဝင်ဆောင့်တယ်
ရပ်နေတဲ့ အတွေးတွေနဲ့ အဲဒီ နေရာမှာ
တစ်ချိန်က အသစ်ဖြစ်ခဲ့တဲ့ သူငယ်ချင်းတစ်ယောက်ကို
အတွေးအဟောင်းတွေနဲ့
နှုတ်ခမ်းတွေ အလျားလိုက်ဆွဲဆန့် ကြရင်း ပြန်တွေ့တယ်
တဆိတ်.....
ပေါ့အိလွန်းသား ... စကားတစ်ခွန်းမှမဆိုဘူး
သူ့ဘေးက လွယ်အိပ်လို
အရင်ကအတိုင်း ကန့်လန့်ပဲထွက်သွားတယ်
( မြို့ပြ မှာဒီလိုပဲ .. ခဏခဏ ဝင်တိုက်ကြတယ်)
ကဗျာဆရာတွေ စကားလုံးတွေတိုက်ကြတယ်
ကျွန်တော့်တို့ ဘယ်သူမှန်းမသိ ပါပဲ လူလူချင်းဝင်တိုက်ကြတယ်
တစ်ချို့ ... ဘီယာခွက်ချင်းတိုက်ကြတယ်
တစ်ချို့ ... ဘဝတွေချင်းတိုက်ကြတယ်
နောက် ... ဘာကိုမှ မရေရာဘူး
အားလုံးထထွက်သွားကြတယ် ...
ရပ်မယ့်နေရာ တစ်ယောက်မှမတူဘူး
ကျွန်တော့် ဆွဲရပ်ထားခဲ့တဲ့ နေရာမှာ
ကဗျာစာရွက်အဟောင်းတွေရှိမယ်
ခဲပန်းချီ တွေဖျက်ရာပါတယ်
အခုဟောင်းသွားတဲ့ ကဗျာစာအုပ်အသစ်တွေပါတယ်
ခဲတံတိုတစ်ချောင်းပါတယ်
ဖက်ကြမ်း တစ်လိပ်ပါမယ်
အဲဒါတွေကို ကျွန်တော် ညစာ အဖြစ်စားတယ်
ကျွန်တော့် သူငယ်ချင်းတစ်ချို့ .. ဒီလိုပဲစားကြတယ်
ဘေးလူတွေကြည့်ရင် တစ်ယောက်မှပုံမလာဘူး
မာန နဲ့ စကားလုံးတွေ ထိုးထိုးထောင်ထောင်ဖြစ်လိုဖြစ်
စကားလုံးတွေ လုလုစားကြတယ်
အိပ်မက်ပျိုကို ကျွန်တော် မွေးတယ်
အိပ်မက်တွေ မချိုခဲ့ပါဘူး
ခဏခဏ
အတိတ်နဲ့ အနာဂါတ်ကို ပိတ်ပြီ အိပ်ခဲ့ရတယ်
....................................................................
ကျွန်တော် တံခါးတော်တော်များ ဖွင့်ခဲ့တယ်
ပတ္တာတွေ တအီအီနဲ့
လေးလေးပင်ပင် ပွင့်ခဲ့တယ် ...
ခရီးထွက်ခြင်း
ဘ၀ဆိုတဲ့ အိတ်တစ်လုံးရှိတယ်
ဒီအိတ်ကိုမဖွင့်ပဲ
ဆန္ဒတွေ ခေါက်ထည့်လို့မရဘူး
လိုလိုမည်မည် မာနကို
ထုတ်ရလွယ်အောင်နောက်ဆုံးမှထည့်မလား
အမောပြေသောက်စရာ မိသားစုတစ်ခုပါမယ်
အစာပြေစားဖို့ နိတိ တွေတော့မေ့လို့မဖြစ်ဖူး
အသိနဲ့ အတတ်ကိုထည့်ဖို့လည်းနေရာ ချန်ရမယ်
ကျွန်တော် မျက်နှာဖုံးတွေတော့ ထားခဲ့မယ်
လိုမှဝယ်တပ်တာပေါ့
နောက်ဆုံး ဖိနပ်ကြိုးခိုင်ခိုင်ချည်ထား
ခရီးထွက်မယ်
ကဲ ... မိတ်ဆွေ
ဖိနပ်ကြိုးချည်ပြီးပြီလား
အိပ်မက်မဲ့ သန်းခေါင်မွန်းလွဲ ၂ နာရီ
အင်း .. ဟုတ်တယ် မယ်ချို
ဒီည ငါ . . . ကစင်ကလျားနဲ့ တစ်ချက်တစ်ချက်လွင့်ကျ
အလွမ်း ဆင်တူရိုးမှားတွေ တိုးထွက်ရင်း ... ထိုးထွက်ရင်း
ငါ့ ညာလက်က နာရီထဲမှာ စက္ကန့်တွေ ခုန်ခုန်တက်သွားတယ်
ငါ စကားလုံးတွေ ငတ်ငတ်လာတယ်
မင်း ငါရင်ထဲ ခဏလာခဲ့ပါလား
ငါ အိပ်မက်မှာ ပန်းမပွင့်တာကြာပေါ့
ငါဒီည မင်းဓါတ်ပုံကိုဖတ်တယ် . . . မယ်ချို
အက္ခရာတွေ ကျိုးကျိုးကြေကြေနဲ့
ကဗျာဖြစ်ဖူးတယ် . . . ကာရန်မပါဘူး
သီချင်းအော်ဆိုတယ် . . . ရင်ဘတ်ကိုဖိထားမယ်
ဆေးလိပ်ဖွာတယ် . . . မင်းမကြိုက်ဘူး
ဆေးလိပ်ငွေ့လို ငါလွင့်သွားတယ် . . . မင်းငါ့ အတွေးထဲရောက်တယ်
ရပ်ထားပါ ..
ခဏဖြစ်ဖြစ် ရပ်ထားပါ
ညကမှောင်တယ် .. မှောင်တယ်
ငါ့ကို ရေတစ်ခွက်ပေးပါ
ဖြစ်နိုင်ရင် ကျိုချက်မနေပါနဲ့
မယ်ချို . . .
မင်းနဲ့ ငါ့ကြားက ကြိုးကို ကျေးဇူးပြုပြီး ဒီအတိုင်းထားပါ
ငါဆန္ဒတွေက ဒီကြိုးမရှိရင် ကျိုးကျမယ်
တဖြည်းဖြည်းချမ်းလာပြီ
ဟောဒီစိတ်က မအိပ်ချင်ဘူး . . .
မယ်ချို . . . မင်းအပြုံးတွေ လှတယ်
ဟောဒီစိတ်က မအိပ်ချင်ဘူး
ကြယ်တွေ ပွင့်နေတယ်
ရပ်ထားပါ ..
ခဏဖြစ်ဖြစ် ရပ်ထားပါ
ဒီခဏကို ခဏဖြစ်ဖြစ်ရပ်ထားပေးပါ . . . .
စကားလုံး ထိမှန်ခဲ့၍ . . . သေသည်
ဟုတ်ပါတယ် . . .
သူမ အပြုံးတွေလည်းလှပါသည်
ကျွန်တော့် ဥယျာဉ် ၏ ပန်းများ မွှေးခဲ့သည်
ညဆိုတာတွေလည်းမှောင်ခဲ့ပါသည်
အကြိမ်ကြိမ်တမ်းတခဲ့ပါသည်
တဖြည်းဖြည်းဖြင့်ဝေးခဲ့သည် ................
သူမအပြုံးတွေမှာ
မာနများစွန်း၏
တစ်ခါတစ်ခါကျွန်တော့်ကိုရူးစေသည်
သူမကြောင့်ကဗျာတစ်ပုဒ်စ နှစ်ပုဒ်စ ဖြစ်ဖူးသည်
သူမလိုပဲ ကဗျာများကလည်းလှပါသည်
ကဗျာထဲမှ မာနများကြောင့်ကျွန်တော်ရူးပါသည် . . .
သူမသည် ... ပန်းတစ်ပွင့်ဖြစ်ပါသည်
ကျွန်တော်ကိုယ်တိုင် ထွန်ယက်စိုက်ပျိုးခဲ့သည်
ရေလောင်းပေါင်းသင်ခဲ့ပါ၏
ကျွန်တော့်ဥယျာဉ်သည် သူမကြောင့်လှခဲ့ပါသည်
ကျွန်တော် ကဗျာသည်လည်း ပန်းတစ်ပွင့်ဖြစ်ပါသည်
ကျွန်တော်ကိုယ်တိုင်ပဲ ထွန်ယက်စိုက်ပျိုးခဲ့ပါ၏
သူမနည်းတူ အားလုံးပဲလှကြ .. မွှေးကြပါသည်
ကျွန်တော့်ဘ၀ဖြစ်ခဲ့ပါသည်
သူမသာပိုင်ခဲ့ပါသည်
သူမကိုသာပိုင်ချင်ခဲ့ပါသည်
ထို့ကြောင့် ကျွန်တော့်ညတွေ အရမ်းမှောင်ခဲ့ပါသည်
ကျွန်တော့်ညတွေဟာ ကြယ်မလင်းတဲ့ ပန်းချီတစ်ချပ်ဖြစ်သည်
ကြယ်မလင်းတဲ့ ညအတွက် လတစ်စင်းတော့ပိုင်ချင်ပါသည်
တိုး၍ တိုး၍မှောင်ခဲ့သည်
ကျွန်တော်ပိုင်သော ဘ၀ တစ်စိပ်တစ်ပိုင်းမျ ဖြစ်ပါသည်
ရေရွတ်ခဲ့သည် .. ညည်းဆိုခဲ့သည်
သူမသည် ပန်းသီချင်းသည် တစ်ဦးလော
သူမတေးတို့သည် ...
တစ်ခါတစ်ခါ ပွင့်ဖတ်တို့ဖြင့်နွေးလျသည်
တစ်ခါတစ်ခါ ရနံ့တို့ဖြင့် မွှေးလျသည်
တစ်ခါတစ်ခါ နွယ်တို့ဖြင့် ရစ်ကုန်၏
တစ်ခါတစ်ခါ ဆူးတို့ဖြင့် ထိုးစိုက်ထွက်ခဲ့သည်
တမ်းတနေပါသေးသည်
ကျွန်တော့ဥယျာဉ်ပေါ် ပန်းသီချင်းတို့ ကြဲခဲ့ပုံကိုပေါ့
အဲဒီပန်းချီမှာ မာနတွေ တဖိတ်ဖိတ်ထနေသည်
ဟုတ်ကဲ့...
ဒီလိုနဲ့ ဝေးခဲ့ပါသည်
သူမ စကားလုံးတွေကာရန်မပါခဲ့ပါ
ကျွန်တော့်ကဗျာများ ကာရန်မပါခဲ့ပါ
သို့သော် ကျွန်တော့်ကဗျာကြောင့် သူမလှခဲ့ပါသည်
သူမ စကားလုံးတို့ကြောင့် ကျွန်တော်သေခဲ့ပါသည်
(ဆူးများရစ်ပတ်သော ပန်းစကားတို့ ထိမှန်ခဲ့ပါသည်)
ကျွန်တော့်ရင် သည် ဟောင်းလောင်းပွင့်လျက် ..............
~~ ၁၂ နာရီ မိနစ် ၃၀ မိုးရွာပြီးနောက် ~~
ကျွန်တော့်ကိုယ်ပေါ်ကို ရေငွေ့က ပါးပါးလေးခြုံထားတယ်
သူပြုတ်မကျသေးခင်မှာပဲ စာရွက်ပေါ် ကျွန်တော်ရောက်တယ်
(ထုံးစံအတိုင်းပဲ)
လမ်းပေါ်မှာ ရေကွက်တွေတွေ့တယ်
စာရွက်ပေါ်မှာ မင်စက်တွေတွေ့တယ်
ခပ်သွန်ချတယ် ... နည်းနည်း စီးထွက်သွားတယ် ...
စာရွက်ပေါ်မှာ ဘယ်ကနေ ညာကို တစ်ကြောင်းချင်း ထွက်သွားတယ် ..
( အားလုံး ပေါ့ပေါ့ပါးပါးပဲ )
H2O သောက်လို့ရတယ်
[ ပြောကြည့်ပါ ....
ဒီနေ့ ဘာနေ့ဖြစ်မလဲ ဒီနေ့က အရှေ့ပဲသွားတယ် ..
နောက်ကို ပြန်လှည့်မကြည့်ဘူး
ဘာမှ အနည်မထိုင်ရသေးဘူး .... ကမ်းပါးတော့ပြိုခဲ့ပြီ ]
နေ့လည်တစ်ခုပါ ..ကြယ်မလင်းဘူး
ထူးထူးခြားခြား အတွေးတွေ လင်းနေတယ် ...
ကျွန်တော့် ကို ကျွန်တော် ပြန်ခြုံဖို့ ရေငွေ့ပေါ် အတွေး အုပ်ထားတယ်
ထူထူထဲထဲ အတွေးတွေ စာရွက်ပေါ်မှာ တွန့်တွန့်လေး ခွေနေတယ်
တတိယလမ်း လျှောက်တက်ရင် လမ်းဖြစ်တယ် ။ ။
ဘေးမှာ ဘာမှမပါဘူး
မိုးက သူတစ်ယောက်တည်း ဆင်းပြီး
သူတစ်ယောက်တည်း ပြန်တက်သွားတယ်
( ပုံစံတော့ကွဲမယ် )
ဘယ်ကြည့်ပါ .. ညာကြည့် ပါ ... ဘယ်ပြန်ကြည့်ပါ
(ဘေးလူတွေအော်မယ်) ဘယ်မှမကြည့်ဘူး ကဗျာဆရာ ပဲ
ကျွန်တော့် ကိုယ်ထဲမှာ ကျွန်တော့်ကိုတွေ့တယ်
မုတ်သုန်သံတွေ လင်းလို့
( ကျွန်တော့်ကန်မှာ ကြယ်တွေမပွင့်ဘူး )
သက်တန့်တော့ ခူးလို့ရမယ် ။ ။
--- အဲဒီအိမ်လေး ဖျားနေတယ် ---
စက်လုံးခြမ်းနွမ်းနွမ်းတွေ
စုတ်ချက်တွေ ပြင်းပြင်းပဲ ..........
ထုတ်တန်းတွေပေါ် မညီမညာစီနေတယ်
သူ့တစ်လုံးစာဘဝကို တင်းတင်းကြပ်ကြပ် ဖိအုပ်လို့
ခေါင်တိုင်တွေက နိမ့်နိမ့်ရယ်
အဖုံးမပါတဲ့ မီးအိမ်အိုက တွဲလဲခို
ပိုးမျှင်တွေ ရှုပ်လို့ ........
တစ်ခါတစ်ခါ အမှောင်သံတွေ ကပ်ကပ်ပါလာတယ်
ညတွေမှာဆို ကြယ်တွေ ခိုဝင်တယ်
လုလု ယက်ယက် ...
သူပြတင်းတွေ မဖွင့်လည်းပွင့် .. ဖွင့်လည်းပွင့်
တိုးခွေ့ဝင်လာတဲ့ လေတွေက
သူကို ပွတ်သပ်ချော့သိပ် .. ကလေးတစ်ယောက်လိုပေါ့
သူ့ရေကပြင်လေး
အားလုံးကို တဆင့် တွန်းတွန်းတင်ပေးနေတယ်
အခါခါ မျိုချထားတဲ့ အိပ်မက်ခါးခါးတွေ
သူ့ရင်တွေ ပြင်းပြင်းပဲ ပူနေတယ်
ဒါပေမဲ့ ......
လိုက်ကာတွေ အခါခါ လပ်သွားတိုင်း
သူ့မာနတွေ ထိုးထိုးထောင်ထောင်နဲ့
အပြင်မှာ ရာသီမကောင်းဘူး
သူ့ကိုသူ မာနတွေ ဆွဲခြုံထားတယ်
သူ့အစာအိမ်မှာ ဆူဆူညံညံ မီဒီယာတွေမရှိဘူး
စာရွက်အဟောင်းပေါ်က ကာရန်တွေ
[ ဘာပဲပြောပြော အသုံးတဲ့တယ် အဟာရ ဖြစ်တယ် ]
တတိယအခန်းက သားသည်အမေ နို့သက်နေတယ်
ဘေးဘယ်ညာကလမ်းတွေ
ကားသံ ဟွန်းသံ မရှိဘူး
ဒါပေမဲ့ အစာအိမ်တွေ တဝီဝီနဲ့ ဖြတ်မောင်းသွားကြတယ်
တစ်ချို့ ဝင်တိုက်သွားကြတယ်
အဲဒီအိမ်လေး ဆိုးဆေးတွေအကင်းဘူး
ဒါပေမဲ့ အဆိပ်အတောက်ကင်းတယ်
အမြီး အမောက်တော့ မတဲ့ဘူး
တစ်ရွေ့ရွေ့တော့သွားနေတယ်
[ဟုတ်တယ် .. သူခေါက်တုန့်ခေါက်ပြန်လမ်းမှာ
ဆွယ်တာလေးလွင့်လွင့်ပါသွားတယ်]
- - - မန္တလေး အလွမ်း - - -
ရာသီစာ
မနက် ၁၀ နာရီ မိနစ် ၃၀
လက်တံ ၂ ချောင်းပဲပါတဲ့ နာရီက ကျွန်တော့်ကို နှိုးတယ်
ဒါပေ့မဲ့ နှိုးစက်မပါဘူး ( ချပ်ချပ် .. . . ချပ်ချပ် တောင်မှ မမြည်ဘူး )
ကုတင်မပါ .. ခြင်ထောင်မရှိတဲ့ အိပ်ယာထဲကထွက်
မျက်နှာမသစ်ရသေးပေမဲ့ ကြယ်နီတစ်တိုက တော့ ဘာမှ မပြောလောက်ပါဘူး
မီးထောက်ခြစ်ကြည့်တော့မှ Zippo မဟုတ်တဲ့ ကျွန်တော့် မီးခြစ် Gas ကုန်နေတယ်
တစ်ဝက်လောက်ကျန်တဲ့ အိုးထဲက ရေတစ်ခွက်ခပ်သောက်
မနေ့ညက သောက်ထားတဲ့ အရက်ဖြူတစ်ပိုင်း ၂၅၀ဖိုးက အခုထိမူးတယ်
ရေချိုးဖို့သွားမှ ဆပ်ပြာနဲ့ သွားတိုက်ဆေးဘူးပြားပြားက ကုန်ကြောင်းပြောတယ်
လ္ဘက်ရည် ... ၂၀၀
ကြယ်နီ ... ၁၀၀
မီးခြစ်... ၁၀၀
Mask ... ၅၀၀
လိုလိုမည်မည်စွပ်သွားဦးမှ
~~ သက်တန့်ရောင်နှုတ်ခမ်းရစ် နဲ့ အလွမ်းစို မိုးနေ့ ~~~
တစ်နေ့ .... တစ်နေ့
တိမ်အထုပ်လိုက် ခွဲချိုးပြီ အလုအယက်ပြို
သူ့ကိုသူ ဘောင်ခပ်ထားတဲ့ ပြတင်းပေါက်ရဲ့
အနောက်တစ်နေရာ
တိုးလျလွန်စွ ...
ငါကိုယ်တိုင် ငါ့တစ်ကိုယ်စာ အပြိုက်ပြိုက်သွန်းတယ်
ခေါက်ရိုးကျိုးသွားတဲ့ မိုးနေ့ တစ်နေ့ပေါ့ ..
လွမ်းတတ်မယ် .. ဆိုရင် ...ဆိုရင်ပေါ့
မုတ်သုန်နယ် တစ်ခုစာ ..
ရင်တွင်ပြိုလို့ ....
ကန်လမ်း .. ပြည်လမ်း ..
ကန်ဘောင်ခြေရင်း .. တံတားဖြူကားဂိတ် ....
ငါမျက်လုံးထဲ က မိုးရေတွေအောက်မှာ
ဝိုးဝိုး ဝါးဝါး ပြန်တွေ့တဲ့ နေ့
ဖြတ်တိုက်ချသွား .. ငါ့ရင်ပေါ်ကို
သုန်သုန်ဖြူးကောင်းတဲ့
ငါမပိုင်တဲ့ အလွမ်းနံ့ သင်းတဲ့ မိုးလေ .....
အနမ်းတစ်ခုပ်စာ ရှိုက်ဖွာချကြည့် တော့
လျှပ်စီးတွေနဲ့ ငါ့ရင်တွေ အပိုင်းပိုင်း . . .
ပြီးတော့ ....
သူ့ဆံနွယ်တွေ နဲ့ ကိုယ်သင်းနံ့ ကို လွမ်းတဲ့နေ ....
အင်း ... ခေါက်ရိုးကျိုးတဲ့ မိုးနေ့ပါပဲ
တိုးလျလွန်စွ . . .
သူကိုယ်တိုင် လဲ သူ့တစ်ကိုယ်စာ
ပြန်ရွာကောင်းတုန်းထင်ပါ့
ငါကိုယ်တိုင် ငါ့ကိုယ်ငါ ဘောင်ပြန်ခပ်ထားတဲ့
စည်းတွေရဲ့ နောက်တစ်နေရာ
အလွမ်းတွေ ဖြေလျော့ချရင်း
တိုးတိုးတိတ်တိတ် ချွေ .......
လမ်း
အစတည်းက ယဉ်သကိုပေါ့
ဘာမှမသဲကွဲဘူး ( ဝိုးတဝါး )
ငါပြောချင်တဲ့ အသံတောင် ငါမကြားဘူး
ငါကိုင်ထားတဲ့ ငါ့ရဲ့လက်ထဲမှာ လေတွေ အပြည့်
ဖြေလျော့ ချဖို့တောင် တော်တော် အားစိုက်နေရ
အရင်ဆုံးမြင်ရတဲ့ လောက ဆိုတာ ဇောက်ထိုးကြီးရယ်ပေါ့
ငါ့ချက်ကြိုးကို ဖြတ် ... ရိုက်သံ တစ်ချက်အကြားမှာ
စူးစူး ဝါးဝါးအော်ရင် ... ဒီလမ်းပေါ်စလျောက်မိ ချိန်ပေါ့
ဘာဆိုဘာမှ မသေချာဘူး
တစ်ဆစ်ချိုး လမ်းပေါ်ရပ်ရင်း
မေးခွန်းတွေနဲ့ ထုံမွှမ်း
စွန်းနေတာ အဖြူ နည်းနည်းလေးမှ မမည်းသေးတဲ့အချိန်ပေါ့
မာန .. အတ္တတွေ ကမ်းဝေး
အဖြူပင်လယ်မှာ လက်ပစ်ကူးကောင်းတုန်း
ထက်ပိုင်းကျိုးနင်းချေမိ
နောက်ပြန်လှည့်လျောက်ချင်ရဲ့
မလွယ်မှန်းအသိနဲ့ ရှေ့ဆက်လျောက်ခဲ့တဲ့ကောင်
ငိုစား .. ရယ်စား
မုသားနဲ့ ဆန္ဒတွေ ဒွိဟတွေ လွန်ဆွဲကောင်းတုန်းပေါ့
အချစ် .. အလွမ်း
အိပ်မက်တွေ ခါးရော့ ...
ဘာဆိုဘာမှ မဟုတ်ပဲ မာန်တက်နေချိန်
ငါဆိုတာကို ပိုင်ပိုင်နိုင်နိုင် မအော်နိုင်ခင်မှာပဲ တစ်ထောက်နားခဲ့ရပေါ့
လျောက်ခဲ့မှတော့ လမ်းဆိုတာ ဆုံးမှကောင်းတယ်
သက္ကရာဇ် အတိုင်းအထွာ တစ်ခုစာ ( ငါ/သူ/သူတို့ပိုင်သော )
သူသည် ... ငါသည် .. မင်းတို့သည် နင်းဖြတ်ခဲ့ကြ
အကောင်း အဆိုး ဒွန်တွဲ
ပျော်လို့ တော့ ကောင်းတုန်းပါပဲ
................................................
................................................
တိုးတိုးတိတ်တိတ် ငြီးတွား
ငါဆိုတဲ့ ဘဝကို ဖြတ်အပြီး ရှိုက်သံ သဲ့သဲ့ အကြားမှာ
နောက်ဆုံးမြင်တဲ့ လောကကြီးသည်လည်းကောင်း ဇောက်ထိုးကြီး
ငါကိုင်ထားတဲ့ ငါ့ရဲ့လက်ထဲမှာ လေတွေ အပြည့်
ငါပြောချင်တဲ့ အသံတောင် ငါမကြားဘူး
အဆုံးရောက်ပြီထင်ပါ့
....................................................
လမ်းဆုံးက တံခါးကို အဖွင့်
အိုးတစ်လုံးကျကွဲသံ .... ( .... ခွမ်း .... )
ကြေးစည်သံကိုပါ သဲ့သဲ့ကြားတယ်
ဘ၀တစ်လုံးစာ ည၏လန့်နိုးခြင်း
မာနချွေးစက်များ ... ခိုဝင်စီးကျ
ပိုက်ထားတဲ့ အတ္တကို အတင်းဖြေလျော့ချ
ငါဆိုတာ .. ပြီးတော့ ငါ၏များ ...
အတုန်းအရုံးလဲပြိုဆဲ ..
ဆက်ရန် မရှိသော ဇာတ်ဝင်ခန်း
အမှောင်တွေနဲ့ ခဏတာ ဟစ်အော်
နောက်ဆုံးဆိုတာရဲ့ရှေ့ကနေ အတွေးတစ်စ
ပဲ့...တင်..တိုး..လျ...စွာခွာကျ . . . .
အလင်းမဲ့ခြင်းများနဲ့ ငါကိုယ်ငါ စိုက်ပျိုး
ပကတိလွန်ဝါဒများကြား လျောဆင်း
နေ့ချင်း .. ညချင်း
နှလုံးခုန်သံများ ... ဆူ . . . ညံ
မော့သောက်ခဲ့သော မိုးခါးရေတစ်ခွက် .. တစ်ဖလား
ယောင်ရမ်းဆွဲကိုင်ထားတဲ့ ... မျက်ရည်စက်နဲ့ ..
ရိုသေခယမှု အတုများ
တိတ်ဆိတ်ခြင်းနဲ့ အလွမ်းသင့်
တက် . . . ကျ
ကျ . . . တက်
တွင်းဆုံးထဲ သို့ ..
အမောဖြေ . . . ချွေးသိပ်
တိတ်တိတ်ဆူ . .
ငါပိုင်တဲ့လိပ်ပြာ . . . မင်သက်
(ကြောက်ခြင်း . . . တွေဝေခြင်း)
ငါကိုယ်ငါပြန်တူးဖော်ခြင်း . . .
ပြန်တွေ့ .... ငါ .. ငါ၏ .. ငါကိုယ်တိုင်
အား . . . .
(တိုး. . . .တိတ်)
~~ ကောင်းကင်အလွန်ချိုင့်ဝှမ်း၏ တူးဆွခြင်း ~~
စ....ဆုံး ။ ဆုံး....စ
တူးခြစ် .....ကောင်းကင်သားအနှစ်အောက်
.......
.......
ကျိုးကြေလွန် စကားလုံးတစ်ချို့
အရိပ်သုံးပါးနားမလည် ပုံတိုပတ်စများ
စိမ်ခေါ်ဘွာမခပ်မှုများ
ဟောင်းနေသော ဘ၀သစ်တစ်ခု
မှော်ရုံတော အဟောင်းများ
ကျောရင်ခွဲ ပုံသေနည်းများ
တရွေ့ရွေ့ ရှိုက်သံများ
နှုတ်ခမ်းပဲ့ တစ်စုံမီးမှုတ်ခြင်း
ရှဉ့် မလျောက် ပျားမစွဲ အာဏာများ
အပူတပြင်းဖာထေးခဲ့သော အိုဇုံလွှာ
အရှေ့ရိုးမ မှ မိုးရေစက်များ
ဖတ်လက်စ ငိုမျက်နှာများ
ကောက်ချက်လွဲ ပုဒ်မများ
အခွံလွတ် အပြန်အလှန်လေးစားမှုများ
စားသုံးပြီးမုသားများ
ငွေ ကြောင့်ကြွေသော ပန်းများ
ကျောချင်းတူ ရင်ချင်း လဲသူများ
ကာရံလှ အသံ 'အ' သီချင်းများ
အနမ်းပေါ် အလွမ်းဆိုးသော ပုံပြင်များ
အနေမတတ် အသေခက်သော မာတိကာဟောင်းများ
ဘောင်းဘီဝတ် မိုးတိမ်များ
အသင့်စား ဂုဏ်သိက္ခာများ
....ပြီးတော့ ....
ဒုတိယမြောက် ကျိုးကြေလွန် စကားလုံးတစ်ချို့
ဒုတိယမြောက် အရိပ်သုံးပါးနားမလည် ပုံတိုပတ်စများ
ဒုတိယမြောက် စိမ်ခေါ်ဘွာမခပ်မှုများ
ဒုတိယမြောက် ဟောင်းနေသော ဘ၀သစ်တစ်ခု
ဒုတိယမြောက် မှော်ရုံတော အဟောင်းများ
ဒုတိယမြောက် .............
....................................................
....................................................
....ပြီးတော့ ....
တတိယမြောက် အသင့်စား ဂုဏ်သိက္ခာများ
တတိယမြောက် ဘောင်းဘီဝတ် မိုးတိမ်များ
တတိယမြောက် အနမ်းပေါ် အလွမ်းဆိုးသော ပုံပြင်များ
တတိယမြောက် အနေမတတ် အသေခက်သော မာတိကာဟောင်းများ
တတိယမြောက် ကာရံလှ အသံ 'အ' သီချင်းများ ...........
တတိယမြောက် ..............................
...........................................
...........................................
~~ ယုတ္တိကင်းတဲ့ မနက်ဖြန် ~~
ထက်ပိုင်ကျိုးသုည တစ်လုံး
အရွေ့ သုည နဲ့ သူ့ကိုယ်သူရွှေ့တဲ့ နေ့ . . .
သူ့ရင် သူချိုး အိပ်မက် ကို ရောင်စုံဆိုး .... ယုတ္တာ ကင်းတဲ့ အချိုးနဲ့
ဝ ၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ .... ၉ ၈ ၇ ၆ ၅ ၄ ၃ ၂ ၁ ဝ
သူတို့ ကိုယ်သူတို့ တံဆိပ် အမျိုးမျိုး ကပ်ပြီးပြုံးပြကြ ....
ယုံချင်စရာကို မရှိတာ ....
နေညိုချိန်တွေတောင် ချောင်းတစ်ဟွတ်တွတ်နဲ့ ...
ERROR ERROR ERROR ..........
မာယာတွေ မာယာတွေ ....အတုန်း အရုန်းပြိုကျပုံများ ပြောပါတယ်
ဟုတ်တယ်လေ ... ကျွန်တော် ကိုယ်တိုင်က မယုံတတ်တာပါလို့ ..
အနေခက်ပေမဲ့ .. အသေတတ် တဲ့ ဘ၀တွေ ပုံတဲ့နေ့
ပုံတိုပတ်စ ... အလုံစုံ ပြည်ဖုံးကား ခင်း
အတိုးပေါ်အရင်းဆင့် နှုတ်ခမ်းပဲ့ချင်းမီးတေ့ မှုတ်လို့ရယ်
အဟက် ! ! ! ....
အိုးကမပူ စလောင်းကပူ
ဟုတ်ပါ့ဗျာ .. ကျွန်တော်ကိုယ်တိုင် က အနေမတက်တဲ့ ကောင်လေ
တစ်ချို့ .. တစ်ချို့ ... တစ်ချို့ ....
ဟေး !!!!! ငါ့ ဦးဏှောက်ထဲ အမဲလိုက်ခဲ့တုန်းက မင်းတို့ ဘာရလိုက်လဲ
ကမ်းကမ်းတက် အပြူံးနဲ့ လကွယ်ညတောင် ... သူတစ်ကိုယ်စာ လင်းလို့
ပြောပါတယ် .. ကျွန်တော် ကိုယ်တိုင်က မယုံတက်တာပါလို့ ....
ဟောဟိုမှာ ... သူလိုငါလို ညနေတောင် မာယာတွေ ပေကျံလို့
Vector တစ်ပုဒ်လို အလုပ်တွေ ရှုပ်နေလေရဲ့
ကဲကဲ မင်းဟာမင်းသာ အရွေ့ သုည နဲ့ ရွှေ့တော့ ထက်ပိုင်ကျိုး သုညရေ ...
ငါတော့ .... ပုံပြင်တွေ .. ယုံတမ်းတွေ လွယ်အိပ်တစ်လုံးနဲ့ထည့်
infinity ထိအောင် ပေါင်းတော့မယ်
ဟုတ်တယ် ... ကျွန်တော် ကိုယ်တိုင်က မယုံတတ်တာပါလို့ ..
အိပ်မက်ပျို နဲ့ အလွမ်းနဲ့ရေးတဲ့ သင်ရိုး
မယ်ချို ...
များများမတောင်းဆိုခဲ့ပါဘူး
မုသားမပါတဲ့ တစ်ဘ၀စာ ချစ်ခွင့်လေးရယ်ပါ
လေးတွဲ့ လွန်းစွ
မင်းအပြုံးတွေကို ရှိုက်သုံး
မင်းမာနတွေ အတုန်းအရုံး ပြိုကျတဲ့နေမှ ငါလူဖြစ်ချင်တာပါ
ငါက လည်း ခက်တယ်
တကယ်ပါ .. သူလိုကိုယ်လို ပါးစပ်ဖျားနဲ့ မချစ်တတ်တဲ့ ကောင်လေ
မယ်ချိုရယ် ...
ကန်လမ်းပေါ်ကစကားတစ်ခွန်း
ရင်ထဲစီးကျ ပျော်ဝင်ပုံများ
ပြုံပျော်ရီမောလို့
၂၂ နှစ်စာ ဆန္ဒတစ်ခု အပြီးအပိုင်သိမ်းပိုက်လိုက်ပုံပေါ့
နေ၀င်ချိန် ကန်ပေါင်ပေါ်က ကဗျာတွေ
စိမ်းစိုကြည်လဲ့လို့ ရယ်
မယ်ချိုရယ်
အလွမ်းရဲ့ပြယုဂ်လေလား
ပြည်လမ်းကားဂိတ်ကြီးကို
ခေါက်ရိုးချိုးသိမ်းထားချင်ရဲ့
မင်းဆံနွယ်တွေကို ဖွဖွနမ်း
ငါ့အိမ်ပြန်လမ်းတွေ အနေခက်ခဲ့ပေါ့
ထုံမွှမ်းလိုက်စမ်း မင်းရဲ့တစ်ပတ်စာ အနမ်းတွေနဲ့ . . . . . .
~ နောက်ကျောဘက်က ရင်တစ်ခြမ်း ~
မျက်ရည်အိုင်တဲ့ ရင်တစ်ခြမ်း
ကျည်ရာ ဗရပွနဲ့ ဗုံး သင့်လို့
နလန်ထနှလုံးသားတွေ ပုံပျက်ပန်းပျက်
အစာငတ်ရေငတ်နဲ့ အဖြေမထွက်တဲ့ ပု စ္ဆာတွေပေါ့
စစ်ပြိုင် မာနတွေနဲ့
လက်သုံးစကားတိုင်းမှာ မေတ္တာမပါဘူး
မိန့်သံတစ်ချက်
သူတို့ အာဃာဓတွေ ဖြူဖျော့ဖျော့သွေးဆာလာပုံပေါ့
အမှန်တွေများလို့ မှားကုန်တာလား
သေသူသေ ကြေသူကြေ
မိဘမဲ့သလို သားသမီးမဲ့
ရက်စွဲတွေနင်းချေ .. သက္ကရာဇ်တွေ ပြိုတောင်
ငိုသံတွေမရပ်ဘူး
တွေးမိတိုင်း ရင်ဘတ်မှာတစ်ဆစ်ဆစ်နာ
ပကာသန မုသားတွေကြောင့်ပေါ့
အသနားခံ နှလုံးသားတွေ မုန်တိုင်းရပ်ဝန်းနှယ်
ကျိုးကြေကွဲအက် ...
ဤသည်သာ ကာရန်မလှတဲ့ ပန်းချီ တစ်ပုဒ် ...
လက်နက်ကို သီအိုရီ ပေါင်းစုံနဲ့လုပ် ... ထုတ်
လူသားစာနာမှုဆိုတောင် ထောင့်တစ်နေရာမှာ
အမှိုက်တစ်စလောက်တောင် တန်းဖိုးမဲ့ရ
(ဟုတ်တယ် ... ငြိမ်းချမ်းရေးမဲ့ သီအိုရီ နဲ့ ကမ္ဘာကို ပျိုးနေကြတယ်)
မြင်ကြည့်စမ်း .. ဟောဟိုမှာ ရင်ဘတ်တွေမျက်ရည်စို့လို့
ဒါတွေသာပုံပြင်တစ်ပုဒ်ဆို ငါကိုယ်တိုင် မီးတင်ရှို့ရဲ့
ဟော ... ပြောရင်းဆိုရင်း
ကမ္ဘာ့ရွာရဲ့နောက်ကျောဘက်က ရင်တစ်ခြမ်း မျက်ရည်းတစမ်းစမ်းနဲ့ ...
မောင်မိုးချို
~ အိပ်မက်ပျို နဲ့ အလွမ်းရင့်တဲ့ မာတိကာ ~
အဖြေတိုင်းမှာ အနုတ်တွေနဲ့
ဒီဂရီ မမှန်တဲ့ တြိဂံ တစ်ခုထဲပိတ်လှောင်ကြပ်
အိပ်မက်ခါးတွေ တစ်ရှိုက်စာ
စာစာနာနာ ဝေစမ်းပါဦး အလွမ်းတွေရာ
ငါသည်လည်းမောလှပြီ
စကားကြိုးခိုင်ခိုင် တွေနဲ့ ဆောက်ခဲ့တာပါ
အခုတော့......
ငါ့အတွက် ည....ဆိုတာ အမှောင်နဲ့ ကတဲ့ ကကြိုးပေါ့
ကြည့်စမ်း .. ဟိုးမှာ ငါအိပ်မက်တွေ ငိုနေတယ်
မယ်ချို.... ရယ်
တစ်ပတ် တစ်ည ... အလွမ်းပုံပြင်ထဲ ထပ်ထပ်ရစ်
အလွမ်းလွန် ပုံဆောင်ခဲလို
အလင်းနှစ် တစ်ခုစာ အိပ်မက်တွေ တစ်ပွေ့တစ်ပိုက်နဲ့ပေါ့
တယုတယ ပျိုးခဲ့တဲ့ အိပ်မက်လေး ရယ်
နင့် အနမ်းတွေမှာ အက်သံမပါအောင် ငါဆုတောင်းလို့
မယ်ချို....ရယ်
ရင်နာအောင် တစ်ဖက်သပ်လွမ်း
ငါကိုငါ ဒီဂရီလွန် စက်ဝိုင်းတစ်ခုထဲ အထပ်ထပ်နှစ်လို့ .....
မောင်မိုးချို
~ တိမ်မသေခင်က ပန်းပွင့်ကို ငြိမ်း မှုတ်တဲ့လက်ရေး ~
ငါသည် ပကာသနမဲ့ပြပုဂ်တွေဆိုးပြီး လွင့်တဲ့တိမ်
အလင်းနှစ်အတိုင်တာ တစ်ခုစာ
ငါ့ကိုယ်ငါ အနူးညံ့ဆုံးဖိအားတစ်စုံနဲ့
အလင်းဖွဲ့သီအိုရီ အောက် အတုန်းအရုန်း ဝတ်တွားခယ
3D လွတ်နယ်တစ်ခုစာဆိုပါစို့
နှုတ်ခမ်းမှာခရမ်းရစ် သူ့ပန်းတွေစို ... ခြောက်
အနှိုင်းရတရား နယ်လွန်ထဲပေါ့
သင်သည်သာပန်းဖြစ်၍ သင်သည်ကြွေလော့
ငါသည်သာ မှုတ်ငြိမ်းအံ့
ဇီဝဆန့်ကျင်ခြင်းရဲ့ အပြုံး
ငါသည်ပန်းဖြစ်အံ့ သင်ငြိမ်းနိုင်အံ့လော
ငါ့၏ဗေဒနဲ့ ငါအလင်းတို့ဖြာလင့်တော့
ငါသည် မနက်ခင်းတစ်ခုစာ ရိက္ခာတွေ ထုပ်ပိုးထားသည်
မုန်သုန်ရပ်ဝန်းနှယ် သင်ခက်ခက်ခဲခဲ တူးခြစ်လော့
ငါသည်သာ သမိုင်းတစ်ပိုဒ်ဖြစ်၏
ငါဈာပန သင့်ကို အလည်ဖိတ်ရဲ့
ငါ၏ ဆင့်ကဲဖြစ်စဉ်ရပ်တော့အံ့
သံသရာ အတွက် တေးတစ်ပုဒ် ဆိုစို့
သံပြိုင်မဟုတ်တောင် အလွမ်းတေးမဟုတ်လောက်ဘူး
(ငါတို့လက်ရေးတွေ ခိုင်ခံ့လို့ရယ်)
အလည်လာအံ့
ငါ့ပွင့်ဖတ်တွေ လှိုင်လှိုင်ဝေချိန်
သင့်ကမ်းကြိုခြင်းကို မငြင်းတော့
သည်လောက သည်ကာလ သည်
စိမ်း .. စို ... အေး ... မြ ... လော့
မောင်မိုးချို
“ ခေတ်တစ်ခေတ်၏ လရောင်ပန်သော နှင်းဆီ ”
၁၉၈၅ လွန်ခေတ် ..
သားချော့တေးတွေညံစီလို့ ...
သူမရဲ့ အပြုံးခြောက်ခြောက်မှာ မိုးသံလေသံကင်းတယ် ...
သူမလေ ..
လွင်ပြင်သံဆူတဲ့ ရင်နဲ့ ကြည်တယ် ...
ကျွန်တော် လျှောက်မဲ့လမ်း ... သူမကျောနဲ့ ခင်းလို့ပေါ့ ...
အဲဒီနေ့ နာရီကိုမော့ကြည့်တော့ ကြယ်တွေ စင်စင်ပြုံးလို့ ...
မှောင်မိုက်ကာေ၀၀ါး
ကျွန်တော်အမိုက်လမ်း ဒီရေတက်ချိန်ပေါ့
ပြန်မကြည့်ခဲ့မျက်ရည်
စဉ်စားကြည့် ရင် မနေ့ကလိုပဲ .. ဆူးနစ်လို့
၅၂၈ ထက် ၁၅၀၀ ကိုပိုခဲ့လို့လေ
ဘ၀ဒီရေက ကြမ်းပ ..
အိပ်တန်းတက်ချိန်တိုင်း လှိုင်းကြီးတယ်
သူမကို လွမ်းတဲ့လွမ်းတွေ လှိုက်တက်လို့ပေါ့ ......
ဈေးဗန်းခေါင်းမရွက်ပေမဲ့ .. တူသံပေသံတွေနဲ့ သူမလေ
လခစားနဲ့ကျွေးခဲ့တဲ့ နေ့တွေဟာ လတ်ဆတ်လို့ရယ်
ချွေးစက်တွေကြားက အပြုံးက
ရင်ဘက်ကို တချက်ချက်ဆောင့်တယ်
သူမလေ ...
ရင်ခွင်ကြမ်းကြမ်းနဲ့ ကျွန်တော်ကိုကြိုဆဲ
ဘယ်အချိန်ပြန်မယ်မသိတဲ့ ကျွန်တော့် အတွက်လေ
သူမရဲ့ ပါးရေတွန့်တွေ နဲ့ အပြုံး ဆူဆူညံလို့ ...
တမ်းတနေတယ် .. ကိုယ်အပြစ်နဲ့ကိုယ် တိတ်တိတ်ညံဆဲ
ကာလဒေသ မူးမူးနဲ့ အနည်ကျတယ်
အမြဲသစ်နေတဲ့ အဟောင်းတွေကြားထဲလျောကျ
ကန္တာရထဲ လှေတစ်စင်းနဲ့ အလည်ထွက်သလိုပေါ့
သာမညပေါပြီး အဓိကမဲ့လို့ရယ်
သြော် ....
အလွမ်းတွေ စက်စက်ကျ
ဒီလို နဲ့ ကျွန်တော် ဘ၀ နေညိုတယ် ....
ပြောခွင့်ရဦးမယ်ဆိုရင်လေ ..
ဒီနေ့လိုညမှာ ကျွန်တော်အိမ်ပြန်လမ်းကိုတမ်းတတယ်
လွင်ပြင်သံဆူတဲ့ သူမရင်ကိုလွမ်းတယ်
သူကျောနဲ့ခင်းခဲ့တဲ့လမ်းကို မလျှောက်ခဲ့တဲ့သူလေ
မိုးသံလေသံ ကင်းတဲ့ သူမ အပြုံးခြောက်ခြောက်တွေကို လွမ်းရဲ့
ပြန်သွားချင်ရဲ့
သားချော့တေးတွေညံတဲ့ ၁၉၈၅ လွန်ခေတ်သို့ ......
မောင်မိုးချို
~~ ဧပရယ် နွေလယ်က ပိတောက်ကကြိုး ~~
ဝေတယ် ....
ဟုတ်တယ် ဝေနေကြပြီ
သူ့အဆင်း သူ့အချင်း နဲ့ ဝေတယ်
သူဟာ သူဖြစ်ကြောင်း ကြေညာပြီးတော့ကို ဝေတယ်
ပိတောက်တွေများ အံ့ရဲ့
တစ်နှစ်မှာ တစ်လတည်း
အဂတိ မလိုက်ပဲကို ဝေတာ
တစ်ပြိုက် နှစ်ပြိုက်မိုး
ဖတ်စွတ်ရုံမိုး ဘယ်တော့မှ မသည်းမဲ့မိုး
သူ့ကြောင့်သူတို့ ဝေသည်ပေါ့
ပျော်ကြတယ် ... ဟုတ်တယ်
အပျော်ရင်တွေ ကိုယ်စီနဲ့ ပျော်နေတယ် ...
ရှေးသူတွေပြော သလို .. အခါကြီး ရက်ကြီးမို့ထင်ပါ့
လောကီသားတွေက လောကီလိုပျော်တယ်
လောကုတ္တရာသားတွေက လောကုတ္တရာလိုပျော်တယ်
ငါသည်လည်း လောကီသာပေမို့ ..
မင်းသည်လည်း လောကီသားပေမို့ ထင်ရဲ့
မင်းအတွက် ရေတစ်ဖလားခပ်လား ခပ်ရဲ့
လောင်းလား လောင်းရဲ့
နွေဂိမာန် ရဲ့ သင်္ကြန်
နေပူကြဲကြဲမှာ ရေပွဲလဲ ဝင်ရဲ့
အပျော်တွေ ကိုယ်စီကူးလို့
ရင်ခုန်သံတွေထပ်တူညီရဲ့ ....
(အမုန်းတွေ ကို အတာရေနဲ့ ဆေးတယ်)
မိရိုးဖလာ ပေမို့ .. ကုသိုလ်ပွဲလည်း ဝင်ရဲ့
ကုသိုလ် ကိုယ်စီ ပွား .... ရင်တကာကို အေးစေရဲ့
နွေအလည်မှာကျတဲ့ သင်္ကြန်
အပူရင်ကို အေးစေရဲ့
ရေတစ် ဖလား ပိတောက်က တစ်ခက်နဲ့
အလွမ်းရက်ရှည်သူတွေလည်း ရှည်
ငိုမျက်ရည်ဝိုင်း ... ဝမ်းနည်းသူလည်းနည်းရဲ့
............................
............................
အားလုံးပြည်ဖုံးကားချ
ပိတောက်လည်းကြွေ ... ရေမစိုတော့တဲ့ နှစ်ဆန်းတစ်ရက်
အဲဒီနေ့ ... ကဗျာဆရာ တစ်ယောက်လေ
သူကိုယ်တိုင်ပျိုးတဲ့ သင်္ကြန်ပတ်ပျိုးကို အသာချလို့
ပိတောက်ပန်းခြောက်တွေနဲ့
အလွမ်းတွေကောက်နေလေရဲ့
နောက်တစ်နှစ်စာ ထင်ပါ့
မောင်မိုးချို
ခြေရာတွေခြားတဲ့ နွေဦးကောက်ကြောင်း
နွေရာသီတစ်ပတ်နွမ်း ....
အလွမ်းကြမ်းတွေကြွေလို့
ငါရင်ဘတ်မှာ တိတ်တိတ်ငို
မျော်လင့်လို့ မရဲတော့တဲ့ နွေည
ငါ့ရင်ခုန်သံတွေ တငွေ့ငွေ့လောင်ရဲ့
နွေနေ ရယ် ..
ရင်က အလွမ်းကို ပိုကြမ်းစေတာလား
(ဟုတ်တယ် ... မျက်ရည်တွေတောင် ခမ်းတော့မတက်)
အရင်နွေညတွေနဲ့ခြား
ငါဘ၀မှာ မတောင်းတခဲ့တာ ဒီလိုအချိန်တွေ
တစ်ယောက် ပခုံးပေါ် တစ်ယောက်ကျော်ကြည့်လို့
ဆန့်ကျင်ရာကို ထွက်ခဲ့ကြပေါ့
မင်းခြေရာနဲ့ ငါခြေရာ တန်းတန်းကြီး ဆန့်ကျင်လို့ လေ
ကိုယ့်ခံယူချက်နဲ့ကို
ရင်ဘတ်ကို ကိုယ်စီ ရင်းလို့
အလွမ်းတွေပွေ့ရင်းပေါ့ .......
( ဟုတ်တယ် ... တစ်ပွေ့တစ်ပိုက်နဲ့ ... မျက်ရည်ကိုယ်စီနဲ့ )
နွေရွက်ဝါတွေရယ် ကြွေပါ့
အရင်လို အပြုံးတွေ ခမ်းနားခဲ့တဲ့ ညနေတွေကို လွမ်းမိ
ဖြစ်နိုင်ရင်လေ
ငါ မင်းကို နွေလေရူးတစ်သုတ်နဲ့ ကံ့ကော်တွေ ထုပ်ပေးချင်သေးရဲ့
နွေနေ့လယ်ခေါင်ခေါင်
ငါရင်မှာ အလွမ်းမိုးတွေ တ၀ုန်းဝုန်းရွာလို့ ကောင်းတုန်း
(ဟုတ်တယ် .... ချော်ရည်မိုးတွေ ထင်ပါ့ )
နွေဦးရဲ့ကောက်ကြောင်း
မျဉ်းကောက်တွေနဲ့ဆွဲလား ဆွဲရဲ့
အိပ်မက်ဟောင်းထဲ က နတ်ပျိုမရယ်....
ငါလေ ... မင်းကို အခုထိလွမ်းလို့
နွေညတွေကို .. မင်းအပြုံးတွေ တွေးရင်း ဖြတ်ဆဲ
ငါလေ အလွမ်းတွေဆို့လို့ ..........
မောင်မိုးချို
အနားသပ်ကြမ်းတဲ့ လေပြေ
မျက်ရည်ကျမိတာပါ ..
တွေးမိတာမဟုတ်ဘူး .. အတွေးထဲဝင်လာတာ
မင်းအိပ်မက်လို ငါဘ၀က မချိုဘူး ...
ကြမ်းပြင်ကြမ်းပေါ်လှဲ ... ငါ ကြယ်တွေခူးခွင့်မရှိသေးတာပါ
ညဆိုတာ ... မှောင်တက်ရုံတစ်ခုတည်းမဟုတ်ဘူး
အနေမတက်ရင်ကြွေတက်တယ်
မျက်ရည်ကျမိရုံပါ
မင်းနင်းတက်ခဲ့တဲ့ လှေခါး
ကြည့်စမ်း .... မြင်တက်မယ်ဆိုရင်ပေါ့
အဲဒီလှေခါးဟာ ငါကိုယ်တိုင်ပါ
မငြင်းခဲ့တာ မဟုတ်ဘူး
မငြင်းချင်ခဲ့တာ
လွမ်းမိရုံပါ .....
အနေမတက်တဲ့ ကြယ်ပဲကြွေခဲ့တာ ရင်မကွဲလောက်ပါဘူး
မပိုင်တော့တဲ့ရင် ... အနေမတက်တဲ့ ငါ
ခဏစာ ရင်ကွဲလို့
လွမ်းမိရုံပါ ...
မောင်မိုးချို
ရင်ခွင်ဝေးတဲ့ ညနေ ....
ပကာသန မဆန်တဲ့ ရင်ခုန်သံ
အိပ်မက်မှာ ငိုသံပါတယ်
လမ်းခွဲဖို့အားမရှိသလို ... ပေါင်းစပ်ဖို့ အင်အားမရှိ
အလွမ်းတွေစီးတဲ့မြစ်ပေါ့
(ဟုတ်တယ် ... အခုစီးနေတယ်)
မုသားဆန်ဆန်ပြောရရင်
အခြေအနေမတူတဲ့ .. ဘဝ
ငါရင်တွေ မီးမြိုက်မြိုက်လောင်
အဲဒီနေ့
တောင်စွယ်မှာ မိုးညိုတယ်
(ဟုတ်တယ် .. မိုးတွေကို မှိုင်းလို့)
ရက်ဆက်တဲ့ အလွမ်း
ရင်ဘက်ကြမ်းတောင် ... မျက်ရည်ဆို့တယ်
ခေါ်သံတွေဝေး .....
နှလုံးသား တစ်ခု ကြွေတာ ဈာပန လိုလား
(ဟုတ်တယ် .. ပို့သူ မဲ့လို့)
နေစွဲ တွေ ပြိုင်းပြိုင်းကျိုး ...
ရင်ခွင်ဝေးတဲ့ ညနေ ....
မိုးချို