ကျွန်တော်ဖွင့်ခဲ့ရသော မြို့ပြ၏တံခါးများ

မြို့ပျက်တံတားတစ်စင်းရဲ့နံရံမှာ

ကာရန်မပါတဲ့စကားတွ အဆိပ်သင့်နေတယ်

အရှေ့ကိုသွားဖို့ စုတ်ဖြဲခံရတဲ့ ရက်စွဲတစ်ခု

သူ့နံဘေးမှာ တွဲလွဲခိုလို့

သူလဲ လေတွေကို လွတ်လွတ်လပ်လပ် ရှူခဲ့ဖူးပုံပဲ

ဘာဆိုဘာမှ အရေးမကြီးတဲ့ ပုံစံနဲ့

ခဏ ခဏ ဝေ့ဝိုက်ကျလာတဲ့ ဆန္ဒတွေသပ်သပ်တင်ရင်း

ငါ့လက်ကြားက သိက္ခာတွေ ပါးပါးလာတယ်

သူလိုငါလို အတ္တတွေ တစ်ချက်တစ်ချက် လင်းတာတယ်

ဒီအတ္တတွေ တိုက်ချွတ်ဆေးဖို့တော့

ဒီပြက္ခဒိန်က ဆုတ်ဖြဲဖို့မလုံလောက်သေးဘူး

ဟော ...

ကျွန်တော်အခုနေတဲ့မြို့ပြကြီးပေါ့

မေတ္တာခေါင် .. အပြုံးရှားရပ်ဝန်း ..

အမြဲတမ်း အတွေးတွေခေါင်နေတယ်

မြို့ပြပေါ်ကနေ ကျွန်တော် နိုးထတဲ့ မနက်မှာ

စောစောစီးစီးပဲ လက်ဖက်ရည်ဆိုင်ကထ ထွက်တယ်

လည်ချောင်းထဲက ကော်ဖီ ခါးခါးကို

ဆေးပေါ့လိပ် အငွေ့တွေနဲ့ မျောမျောချ ရင်း

လက်ထဲက ဘ၀ ကလှုပ်လှုပ် လှုပ်လှုပ်နဲ့

တစ်ချိန်ချိန်မှာ [ ခဏအတွင်းမှာ ]

ပြိုလဲဖို့ အတွက်

ခလုပ်နှိပ်ပြီးသား မိုင်းတစ်လုံးလို ပါလာတယ်

မြစ်ရေကြီးတယ် ၊ မိုးခေါင်ရေရှားတယ် ၊ ကဗျာဆရာတစ်ယောက်သေတယ်

ကျွန်တော်တို့ မြို့စွန်က မီးတိုင်တွေ

ညနေဆို မှိန်မှိန်လေးလင်းလင်းလာတယ်

မီးတိုင်ရဲ့ တစ်ချက်ချင်း အလင်းကိုရောရင်း

ငါ နဲ့ ငါ့စကားလုံးတွေ အရက်ဖြူကိုမြည်းတယ် ...

ပြင်းရှရှနဲ့ စကားလုံးတွေ တစိမ့်စိမ့်လှတယ်

တစ်ချို့က မီးမှိန်မှိန်အောက်မှာ ဘဝ တွေကို မြည်းကြတယ် ..

ဒီမြို့ပြမှာ အားလုံးပုံမှန်ပဲ စီးဝင်သွားတယ် ..

ကဗျာဆရာတစ်ယောက်ဖြစ်တယ်

ကျောင်းသားတစ်လှည့် အလုပ်သမား တစ်လှည့် ဖြစ်တယ်

ငါမကြိုက်တဲ့ အနီရောင်ဝတ်တဲ့ နံပါတ် (7) တော့မဟုတ်ဘူး ...

အမြဲတော့ ကော်လာထောင်တယ်

ဒါပေမဲ့ ကော်လာက ငါ့ဘ၀လိုပဲ အမြဲ ခေါက်ရိုးကျိုးကျလာတယ်

ညအိပ်ချင်မှ အိပ်မယ် မနက်ဆို ( ၇ ) နာရီမှာထတယ်

မထချင်ဘူး .......

(၇) နာရီ မှာပဲထရတယ်

ခပ်ကုတ်ကုတ်ဆိုင်ရဲ့ထောင်ကျကျ စားပွဲတစ်လုံးမှာ

တစ်ယောက်တည်းရန်ဖြစ်လို့ကောင်းတယ်

" ငါမှန်တယ် "

" ငါမမှားဘူးကွ "

"မင်းကဗျာမှာ သီအိုရီ မပါဘူး "

" မင်းကဗျာမှာရော ကာလာစုံလို့လား"

ပြီး .....

ရေနွေးတစ်ခွက်မော့ချ

မျက်နှာဖုံးနွမ်းနွမ်းကို စွပ်ချရင်း

ကာလာစုံကြားတိုးဝင်ခဲ့ ပေါ့

ကျွန်တော်တွန်းတွန်း တင်နေရတဲ့ ဘ၀တစ်ခု အတွက် .......

အမှောင်မပါဘူး လင်းလင်းထင်းထင်းမှာ

ကံဆိုတာ ကို ခဏ ခဏ ဝင်ဆောင့်တယ်

ရပ်နေတဲ့ အတွေးတွေနဲ့ အဲဒီ နေရာမှာ

တစ်ချိန်က အသစ်ဖြစ်ခဲ့တဲ့ သူငယ်ချင်းတစ်ယောက်ကို

အတွေးအဟောင်းတွေနဲ့

နှုတ်ခမ်းတွေ အလျားလိုက်ဆွဲဆန့် ကြရင်း ပြန်တွေ့တယ်

တဆိတ်.....

ပေါ့အိလွန်းသား ... စကားတစ်ခွန်းမှမဆိုဘူး

သူ့ဘေးက လွယ်အိပ်လို

အရင်ကအတိုင်း ကန့်လန့်ပဲထွက်သွားတယ်

( မြို့ပြ မှာဒီလိုပဲ .. ခဏခဏ ဝင်တိုက်ကြတယ်)

ကဗျာဆရာတွေ စကားလုံးတွေတိုက်ကြတယ်

ကျွန်တော့်တို့ ဘယ်သူမှန်းမသိ ပါပဲ လူလူချင်းဝင်တိုက်ကြတယ်

တစ်ချို့ ... ဘီယာခွက်ချင်းတိုက်ကြတယ်

တစ်ချို့ ... ဘဝတွေချင်းတိုက်ကြတယ်

နောက် ... ဘာကိုမှ မရေရာဘူး

အားလုံးထထွက်သွားကြတယ် ...

ရပ်မယ့်နေရာ တစ်ယောက်မှမတူဘူး

ကျွန်တော့် ဆွဲရပ်ထားခဲ့တဲ့ နေရာမှာ

ကဗျာစာရွက်အဟောင်းတွေရှိမယ်

ခဲပန်းချီ တွေဖျက်ရာပါတယ်

အခုဟောင်းသွားတဲ့ ကဗျာစာအုပ်အသစ်တွေပါတယ်

ခဲတံတိုတစ်ချောင်းပါတယ်

ဖက်ကြမ်း တစ်လိပ်ပါမယ်

အဲဒါတွေကို ကျွန်တော် ညစာ အဖြစ်စားတယ်

ကျွန်တော့် သူငယ်ချင်းတစ်ချို့ .. ဒီလိုပဲစားကြတယ်

ဘေးလူတွေကြည့်ရင် တစ်ယောက်မှပုံမလာဘူး

မာန နဲ့ စကားလုံးတွေ ထိုးထိုးထောင်ထောင်ဖြစ်လိုဖြစ်

စကားလုံးတွေ လုလုစားကြတယ်

အိပ်မက်ပျိုကို ကျွန်တော် မွေးတယ်

အိပ်မက်တွေ မချိုခဲ့ပါဘူး

ခဏခဏ

အတိတ်နဲ့ အနာဂါတ်ကို ပိတ်ပြီ အိပ်ခဲ့ရတယ်

....................................................................

ကျွန်တော် တံခါးတော်တော်များ ဖွင့်ခဲ့တယ်

ပတ္တာတွေ တအီအီနဲ့

လေးလေးပင်ပင် ပွင့်ခဲ့တယ် ...

Photobucket

0 အကြံပေးမှုများ:

Post a Comment

မောင်မိုးချို ဆိုတာ . . .

ဆန္ဒ နဲ့ သိက္ခာကြား မကြာမကြာ လွန်ဆွဲနေရသော လေသံမိုးသံ မကွဲသေးတဲ့ ကောင်းကင်