--- အဲဒီအိမ်လေး ဖျားနေတယ် ---

စက်လုံးခြမ်းနွမ်းနွမ်းတွေ

စုတ်ချက်တွေ ပြင်းပြင်းပဲ ..........

ထုတ်တန်းတွေပေါ် မညီမညာစီနေတယ်

သူ့တစ်လုံးစာဘဝကို တင်းတင်းကြပ်ကြပ် ဖိအုပ်လို့

ခေါင်တိုင်တွေက နိမ့်နိမ့်ရယ်

အဖုံးမပါတဲ့ မီးအိမ်အိုက တွဲလဲခို

ပိုးမျှင်တွေ ရှုပ်လို့ ........

တစ်ခါတစ်ခါ အမှောင်သံတွေ ကပ်ကပ်ပါလာတယ်



ညတွေမှာဆို ကြယ်တွေ ခိုဝင်တယ်

လုလု ယက်ယက် ...

သူပြတင်းတွေ မဖွင့်လည်းပွင့် .. ဖွင့်လည်းပွင့်

တိုးခွေ့ဝင်လာတဲ့ လေတွေက

သူကို ပွတ်သပ်ချော့သိပ် .. ကလေးတစ်ယောက်လိုပေါ့

သူ့ရေကပြင်လေး

အားလုံးကို တဆင့် တွန်းတွန်းတင်ပေးနေတယ်

အခါခါ မျိုချထားတဲ့ အိပ်မက်ခါးခါးတွေ

သူ့ရင်တွေ ပြင်းပြင်းပဲ ပူနေတယ်

ဒါပေမဲ့ ......

လိုက်ကာတွေ အခါခါ လပ်သွားတိုင်း

သူ့မာနတွေ ထိုးထိုးထောင်ထောင်နဲ့

အပြင်မှာ ရာသီမကောင်းဘူး

သူ့ကိုသူ မာနတွေ ဆွဲခြုံထားတယ်

သူ့အစာအိမ်မှာ ဆူဆူညံညံ မီဒီယာတွေမရှိဘူး

စာရွက်အဟောင်းပေါ်က ကာရန်တွေ

[ ဘာပဲပြောပြော အသုံးတဲ့တယ် အဟာရ ဖြစ်တယ် ]

တတိယအခန်းက သားသည်အမေ နို့သက်နေတယ်



ဘေးဘယ်ညာကလမ်းတွေ

ကားသံ ဟွန်းသံ မရှိဘူး

ဒါပေမဲ့ အစာအိမ်တွေ တဝီဝီနဲ့ ဖြတ်မောင်းသွားကြတယ်

တစ်ချို့ ဝင်တိုက်သွားကြတယ်

အဲဒီအိမ်လေး ဆိုးဆေးတွေအကင်းဘူး

ဒါပေမဲ့ အဆိပ်အတောက်ကင်းတယ်

အမြီး အမောက်တော့ မတဲ့ဘူး

တစ်ရွေ့ရွေ့တော့သွားနေတယ်

[ဟုတ်တယ် .. သူခေါက်တုန့်ခေါက်ပြန်လမ်းမှာ

ဆွယ်တာလေးလွင့်လွင့်ပါသွားတယ်]



Photobucket

0 အကြံပေးမှုများ:

Post a Comment

မောင်မိုးချို ဆိုတာ . . .

ဆန္ဒ နဲ့ သိက္ခာကြား မကြာမကြာ လွန်ဆွဲနေရသော လေသံမိုးသံ မကွဲသေးတဲ့ ကောင်းကင်