ဝေတယ် ....
ဟုတ်တယ် ဝေနေကြပြီ
သူ့အဆင်း သူ့အချင်း နဲ့ ဝေတယ်
သူဟာ သူဖြစ်ကြောင်း ကြေညာပြီးတော့ကို ဝေတယ်
ပိတောက်တွေများ အံ့ရဲ့
တစ်နှစ်မှာ တစ်လတည်း
အဂတိ မလိုက်ပဲကို ဝေတာ
တစ်ပြိုက် နှစ်ပြိုက်မိုး
ဖတ်စွတ်ရုံမိုး ဘယ်တော့မှ မသည်းမဲ့မိုး
သူ့ကြောင့်သူတို့ ဝေသည်ပေါ့
ပျော်ကြတယ် ... ဟုတ်တယ်
အပျော်ရင်တွေ ကိုယ်စီနဲ့ ပျော်နေတယ် ...
ရှေးသူတွေပြော သလို .. အခါကြီး ရက်ကြီးမို့ထင်ပါ့
လောကီသားတွေက လောကီလိုပျော်တယ်
လောကုတ္တရာသားတွေက လောကုတ္တရာလိုပျော်တယ်
ငါသည်လည်း လောကီသာပေမို့ ..
မင်းသည်လည်း လောကီသားပေမို့ ထင်ရဲ့
မင်းအတွက် ရေတစ်ဖလားခပ်လား ခပ်ရဲ့
လောင်းလား လောင်းရဲ့
နွေဂိမာန် ရဲ့ သင်္ကြန်
နေပူကြဲကြဲမှာ ရေပွဲလဲ ဝင်ရဲ့
အပျော်တွေ ကိုယ်စီကူးလို့
ရင်ခုန်သံတွေထပ်တူညီရဲ့ ....
(အမုန်းတွေ ကို အတာရေနဲ့ ဆေးတယ်)
မိရိုးဖလာ ပေမို့ .. ကုသိုလ်ပွဲလည်း ဝင်ရဲ့
ကုသိုလ် ကိုယ်စီ ပွား .... ရင်တကာကို အေးစေရဲ့
နွေအလည်မှာကျတဲ့ သင်္ကြန်
အပူရင်ကို အေးစေရဲ့
ရေတစ် ဖလား ပိတောက်က တစ်ခက်နဲ့
အလွမ်းရက်ရှည်သူတွေလည်း ရှည်
ငိုမျက်ရည်ဝိုင်း ... ဝမ်းနည်းသူလည်းနည်းရဲ့
............................
............................
အားလုံးပြည်ဖုံးကားချ
ပိတောက်လည်းကြွေ ... ရေမစိုတော့တဲ့ နှစ်ဆန်းတစ်ရက်
အဲဒီနေ့ ... ကဗျာဆရာ တစ်ယောက်လေ
သူကိုယ်တိုင်ပျိုးတဲ့ သင်္ကြန်ပတ်ပျိုးကို အသာချလို့
ပိတောက်ပန်းခြောက်တွေနဲ့
အလွမ်းတွေကောက်နေလေရဲ့
နောက်တစ်နှစ်စာ ထင်ပါ့
မောင်မိုးချို
~~ ဧပရယ် နွေလယ်က ပိတောက်ကကြိုး ~~
Posted by
မောင်မိုးချို
Tuesday 15 September 2009
0 အကြံပေးမှုများ:
Post a Comment